အစ္စလာမ်မစ် စစ်သွေးကြွတွေ ဓားစာခံ ဖမ်းထားတဲ့ ဂျပန်လူမျိုးနှစ်ဦး လွတ်မြောက်ရေး ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို စဉ်းစားနေတဲ့ အကြောင်း ဂျပန်အစိုးရက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့က ကြာသပတေးနေ့မှာ ထုတ်လိုက်တဲ့ ဗွီဒီယို မှတ်တမ်းတခုမှာ ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ၇၂ နာရီအတွင်းမပေးရင် သူတို့ကို သတ်ပစ်မယ်လို့ ပြောထားပါတယ်။ ဒီ ဗွီဒီယို မှတ်တမ်းအရ ဆိုရင် သူတို့သတ်မှတ်ထားတဲ့ ၇၂ နာရီရဲ့ နောက်ဆုံး သတ်မှတ်ချိန်ဟာ သောကြာနေ့ဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖမ်းဆီးခံထားရသူ ကင်ဂျီ ဂိုတို နဲ့ ဟာရူနာ ယုကာဝါ တို့နှစ်ယောက် အန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်လာရေး အတွက် ဖြစ်နိုင်သမျှ သံတမန်နည်းလမ်းတွေကို အသုံးပြုသွားဖို့ စီစဉ်ထားကြောင်း ဗုဒ္ဓဟူးနေ့တုန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဂျပန်အစိုးရဟာ အကြမ်းဖက်သမားတွေကို ဘယ်တော့မှ အလျှော့မပေးဘူးလို့လည်း ဝန်ကြီးချုပ်အာဘေးက ပြောပါတယ်။ ဒါပေမယ့် ပြန်ပေးငွေတောင်းတာကို ပေးမယ်၊ မပေးဘူးဆိုတာနဲ့ပတ်သက်လို့တော့ ဝန်ကြီးချုပ် အာဘေးရော တခြား ဂျပန်အရာရှိတွေကပါ ဘယ်သူကမှတော့ တိုက်ရိုက်မပြောခဲ့ပါဘူး။
IS အဖွဲ့က ဗွီဒီယိုမှတ်တမ်း ထုတ်လွှတ်ပြီး တရက်အကြာမှာ မစ္စတာ အာဘေးက ဆွန်နီ အစွန်းရောက်သမားတွေရဲ့ တိုက်ခိုက်မှုဒဏ်ခံနေရတဲ့ တိုင်းပြည်တွေကို စစ်ဘက်ဆိုင်ရာမဟုတ်တဲ့ အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပေးဖို့ ကတိပြုခဲ့ပါတယ်။