သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဆူနာမီ သေဆုံးသူ တစ်ထောင်နီးပါးရှိပြီ


ငလျင်နောက်ဆက်တွဲ ဆူနာမီရေလှိုင်းဒဏ်သင့်ခဲ့သည့် Ibaraki မြို့မြင်ကွင်းတခု (မတ်လ ၁၁၊ ၂၀၁၁)
ငလျင်နောက်ဆက်တွဲ ဆူနာမီရေလှိုင်းဒဏ်သင့်ခဲ့သည့် Ibaraki မြို့မြင်ကွင်းတခု (မတ်လ ၁၁၊ ၂၀၁၁)

ဂျပန်နိုင်ငံအလယ်ပိုင်း ဟွန်ရှူး (Honshu) ကျွန်းမှာ သောကြာနေ့က ပြင်းအားအဆင့် ၈.၉ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် အခုဆိုရင် သေဆုံးသူ ၁,၀၀၀ လောက်ရှိနေပြီလို့ ဂျပန်သတင်းတွေမှာ ဖော်ပြပါတယ်။ ဆင့်ကဲလှုပ်ခတ်တဲ့ငလျင်ဒဏ် ခံရတဲ့အပြင် နောက်ဆက်တွဲ ဆူနာမီရေလှိုင်းတွေရဲ့ဒဏ်ကိုပါ ခံရတာမို့ ထိခိုက်သေဆုံးမှု များပြားသလို ပျက်စီးဆုံးရှုံးမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရပါတယ်။

သောကြာနေ့ နေ့လယ်ပိုင်း ဟွန်ရှူးအရှေ့မြောက်ဘက် ရေပြင်အောက်မှာ ဗဟိုပြုတဲ့ငလျင်ဒဏ်ကြောင့် တိုကျိုမြို့တော်က အဆောက်အဦးတွေ တုန်ခါခဲ့သလို အရှေ့မြောက်ပိုင်း ကမ်းခြေတလျှောက် ပေ ၃၀ ကျော် လှိုင်းလုံးကြီးတွေ ရိုက်ခတ်တဲ့ဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ ဒီဂျပန်ငလျင် ရိုတ်ခတ်မှုဟာ ရာစုနှစ်တခုကျော် ကာလအတွင်း ကမ္ဘာ့ ပဉ္စမမြောက် ငလျင်ကြီးဖြစ်ပါတယ်။

ဖူကူရှီးမား (Fukushima) မြို့မှာရှိတဲ့ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓါတ်ပေါင်းဖိုက အအေးပေးတဲ့စက် ပျက်သွားတာမို့ ဓါတ်ပေါင်းဖိုထဲမှာ ဖိအားတွေများလာသလို ပတ်ဝန်းကျင်လေထုထဲ အနုမြူဓါတ်ရောင်ခြည် ထုတ်လုပ်မှုပမာဏ အဆ ၁,၀၀၀ တိုးလာတာတွေ့ရတယ်လို့ ဓါတ်ပေါင်းဖိုတာဝန်ခံတွေက ပြောပါတယ်။ ဖူကူရှီးမား ဓါတ်ပေါင်းဖို အနီးဝန်းကျင်မှာနေထိုင်တဲ့ သောင်းနဲ့ချီတဲ့ဒေသခံတွေကို စက်ရုံကနေ ၆ မိုင်ကျော် ဝေးတဲ့ နေရာကို ရွှေ့ပြောင်းကြဖို့ ဂျပန်ဝန်ကြီးချုပ် နာအိုးတိုးခမ် (Naoto Kan) က အမိန့်ထုတ်ပြန်ခဲ့ ပါတယ်။

ငလျင်ဗဟိုချက်နဲ့ အနီးဆုံးဖြစ်တဲ့ ဆန်ဒေး (Sendai) မြို့တဝိုက်က လယ်ယာမြေတွေမှာတော့ ရွှံ့ရေတွေနဲ့ အတူ အမိုက်သရိုက်တွေ ဖုံးလွှမ်းနေပါတယ်။ မော်တော်ကားတွေ၊ အဆောက်အဦးတွေပါ တက်လာတဲ့ရေနဲ့အတူ မျောပါကုန်ပြီး သေဆူံးသူ ၂၀၀ ကနေ ၃၀၀ အထိ ရှိခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG