သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်သတင်းထောက် မြဝတီမှာ ဖမ်းခံရ


မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်တဲ့ နိုဝင်ဘာ ၇ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ နယ်စပ်ဖြတ်ကျော် မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့ပြီး သတင်းယူဖို့ ကြိုးပမ်းခဲ့တဲ့ တိုကျိုမြို့ APF သတင်းဌာနက အကြီးအကဲတဦးဖြစ်သူ မစ္စတာ ထိုးရု ယာမဂျိဟာ မြဝတီမြို့မှာ မြန်မာရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ မစ္စတာ ယာမဂျိရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ မြန်မာသတင်းသမဂ္ဂတို့ကို ဗွီအိုအေက ဆက်သွယ် မေးမြန်းထားပါတယ်။ အကြောင်းစုံကို ကိုရော်နီညိမ်းက တင်ပြပေးထားပါတယ်။

APF သတင်းဌာနရဲ့ ဗွီဒီယို သတင်းထောက် တဦးဖြစ်သူ မစ္စတာ ခန်းဂျိ နာဂအိ ၂၀၀၇ ခုနှစ် သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် ဆန္ဒပြ လှုပ်ရှားမှုကာလအတွင်း မြန်မာစစ်သားတဦးရဲ့ အနီးကပ် ပစ်သတ်တာကို ခံခဲ့ရပြီးနောက် အခုတခါ ဒီသတင်းဌာနကပဲ ဗွီဒီယိုဌာနမှူး မစ္စတာ ထိုးရု ယာမဂျိ ကိုယ်တိုင် မြဝတီမြို့မှာ အဖမ်းခံခဲ့ရတာပါ။ အခုလို မစ္စတာ ယာမဂျိ မြန်မာအာဏာပိုင်တွေဆီမှာ အဖမ်းခံနေရတာနဲ့ ပတ်သက်ပြီး ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ မတ်ဆု နာဂက ဗွီအိုအေကို အခုလို ရှင်းပြခဲ့ပါတယ်။

“နိုဝင်ဘာ ၇ ရက်နေ့က APF သတင်းဌာနက မစ္စတာ ထိုးရု ယာမဂျိဟာ ထိုင်း၊ မြန်မာ နယ်စပ်က မြဝတီမြို့မှာ ဒေသခံ ရဲတပ်ဖွဲ့ရဲ့ အဖမ်းခံထားရတယ်လို့ ကျနော်တို့ သိရှိထားပါတယ်။ ဖြစ်ဖြစ်ချင်းညကပဲ ကျနော်တို့ဆီက အရှေ့တောင်နဲ့ အနောက်တောင် အာရှရေးရာဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဥမဲဒက တိုကျိုမြို့က မြန်မာသံအမတ်ကို ဆက်သွယ်ခဲ့သလို ရန်ကုန်မြို့က ကျနော်တို့ရဲ့ သံအမတ်ကြီးကလည်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်းအရာရှိကြီးတွေကို ဆက်သွယ်ခဲ့ပြီး မစ္စတာ ယာမဂျိကို အမြန်ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ ဒါ့အပြင် မစ္စတာ ယာမဂျိကို ရန်ကုန်မြို့ ဂျပန်သံရုံး ကောင်စစ်ဝန်က သွားရောက် တွေ့ဆုံခွင့်ရဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။”

မစ္စတာ ယာမဂျိကို သွားရောက်တွေ့ဆုံခွင့် မရသေးပေမဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနဆီကနေ တုံ့ပြန်မှုတော့ ရခဲ့တယ်လို့လည်း မစ္စတာ မတ်ဆု နာဂက အခုလို ဆက်ပြောပါတယ်။

“မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိ တဦးကတော့ ပြည်ထဲရေး ဝန်ကြီးဌာနကို သူတို့ ဆက်သွယ်ပြီးတော့ ကျနော်တို့ကို အကြောင်းပြန်မယ်လို့ ကတိပြုထားပါတယ်။ မစ္စတာ ယာမဂျိကို ကောင်းမွန်စွာ ထားရှိပြီးတော့ အခြေအနေတွေကို ဂျပန်ကောင်စစ်ဝန်ကို သူတို့က အသိပေး အကြောင်းကြားမယ်လို့လည်း အဲဒီ မြန်မာအရာရှိကြီးက ပြောထားပါတယ်။”

မစ္စတာ ယာမဂျိဟာ အခုအခါ မြန်မာနိုင်ငံ ဘယ်နေရာမှာ အချုပ်ခံထားရတယ်ဆိုတဲ့ အခြေအနေနဲ့ မစ္စတာ ယာမဂျိ အဖမ်းခံခဲ့ရတဲ့ မြဝတီမြို့မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ အခြေအနေတွေအကြောင်း ဘယ်လောက်သိပါသလဲလို့ ဗွီအိုအေက မစ္စတာ မတ်ဆု နာဂကို မေးတဲ့အခါမှာတော့…

“အခု မစ္စတာ ယာမဂျိ ဘယ်နေရာ ရောက်နေလဲ ဆိုတာ ကျနော် အတိအကျ မသိပါဘူး။ ကျနော်သိသလောက်က သူဟာ မြဝတီမြို့မှာ အဖမ်းခံရတယ် ဆိုတာပါ။ မြန်မာစစ်တပ်တွေနဲ့ ကရင်တပ်ဖွဲ့တွေ မြဝတီမြို့မှာ တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတာလည်း ကျနော် မသိသေးပါဘူး။ ဒီမေးခွန်းကို ဖြေကြားဖို့က ကျနော့်အနေနဲ့ သက်ဆိုင်ရာတွေနဲ့ မေးမြန်းစုံစမ်းပြီးမှသာ အတိအကျ ဖြေနိုင်မှာပါ။”

မြန်မာသတင်းသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က မစ္စတာ ထိုးရု ယာမဂျိ အခုလို မြန်မာနိုင်ငံမှာ အဖမ်းခံရတာဟာ မြန်မာစစ်အစိုးရရဲ့ သတင်းတွေကို ထိန်ချန်လိုမှုကနေ ဖြစ်ပေါ်လာတဲ့ အကျိုးဆက် ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒါက ဘာကိုပြသလဲဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ဘယ်လောက်တောင် ဆိတ်သုဉ်းနေသလဲ၊ ဒါကြောင့် ဒီသတင်းထောက်တွေ အနေနဲ့ သူတို့အတွက် အသက်ကို စွန့်ပြီးတော့တောင် မြန်မာပြည်ထဲကို ဝင်ရတဲ့ အနေအထား ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ သတင်းအမှောင်ချမှု အခြေအနေဟာ အင်မတန်မှ ဆိုးရွားနေပြီ ဆိုတာကို နိုင်ငံတကာက မြင်သာပါတယ်လို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။”

မစ္စတာ ထိုးရု ယာမဂျိရဲ့ မိသားစုကို အခုလို မြန်မာနိုင်ငံမှာ အဖမ်းခံနေရတာကို ဂျပန်အစိုးရက အသိပေးထားခြင်း ရှိမရှိ မေးမြန်းတဲ့ အခါမှာတော့ ဒီမေးခွန်းကို ဖြေကြားလို့ မရသေးဘူးလို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ မတ်ဆု နာဂက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG