သုံးရလွယ်ကူစေသည့် Link များ

မြန်မာရဲ့ နိုင်ငံခြားကြွေးမြီ အချို့ ဂျပန် ယာယီ စိုက်ထုတ် ပေးမည်


Japan ဘဏ္ဍာရေးဝန်ကြီး Koriki Jojimaနဲ့ မြန်မာဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်တို့ ကြာသပတေးနေ့က ကျင်းပတဲ့ ဆွေးနွေးပွဲတွင် တွေ့ရစဉ်
Japan ဘဏ္ဍာရေးဝန်ကြီး Koriki Jojimaနဲ့ မြန်မာဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်တို့ ကြာသပတေးနေ့က ကျင်းပတဲ့ ဆွေးနွေးပွဲတွင် တွေ့ရစဉ်
လာမယ့် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ငွေ ပြန်ချေးနိုင်ဖို့ ဂျပန်နိုင်ငံက ပြင်ဆင် နေတဲ့
အကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး က ပြောပါတယ်။ မြန်မာနိုင်ငံ ဘက်က နိုင်ငံတကာကို ပြန်မဆပ်နိုင်ဘဲ ကျန်နေတဲ့ ကြွေးမြီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြတဲ့ တိုကျိုညီလာခံ အတွင်းမှာ ဂျပန်ဘဏ္ဍာရေးဝန်ကြီး
Koriki Jojima က ခုလို ပြောသွားတာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက ပြောပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ကူညီပေးနိုင်ဖို့ အတွက် မြန်မာနိုင်ငံကို ငွေ ပြန်ချေးဖို့ ဂျပန်နိုင်ငံက ပြင်ဆင်နေတာပါ။ ဒီလို ငွေပြန်ချေးနိုင်ဖို့မှာ အရင်က ပြန်မဆပ်နိုင်ဘဲ ကျန်နေတဲ့ လက်ကျန်ကြွေးတွေကို အရင် ရှင်းဖို့ လိုအပ်တာ မို့ မြန်မာနိုင်ငံတင်နေတဲ့ အကြွေး ၆၀ ရာခိုင်နှုန်းကို ရှေ့နှစ် ၂၀၁၃ ခုနှစ်ကျရင် လျှော်ပေးပြီးတော့ အဲဒီရှေ့နှစ်ထဲမှာပဲ မြန်နိုင်သမျှ အမြန်ဆုံး နှုန်း နဲ့ မြန်မာနိုင်ငံကို ငွေပြန်ချေးတာတွေ လုပ်ပေးဖို့ ဂျပန်နိုင်ငံက စီစဉ်နေတဲ့ အကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး Koriki Jojima က ဒီကနေ့ပဲ တိုကျိုညီလာခံ အစမှာ ပြောသွားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ကို ပြန်ဆပ်ရမယ့် ဒေါ်လာ သန်း ၄၀၀ နီးပါးနဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ကို ပေးရမယ့် ဒေါ်လာ သန်း ၅၀၀ နီးပါးကိုလည်း ပြန်ဆပ်နိုင်ဖို့လည်း ဂျပန်အစိုးရနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာ ပူပေါင်းဆောင်ရွက်ရေး ဂျပန်ဘဏ် က မြန်မာကို ယာယီ ငွေထုတ်ချေးပေးမယ့် အကြောင်းလည်း မစ္စတာ ဂျိုဂျီမာ က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ အကြွေးလက်ကျန်တွေကို ရှင်းတဲ့ လုပ်ငန်းစဉ်တရပ်ကို ရှေ့နှစ်ဇန်နဝါရီလထဲမှာ အကောင်အထည်ဖော်ဖို့ ဂျပန်နိုင်ငံက ဆုံးဖြတ်ထားတယ် ဆိုတာကို ဝမ်းသာစရာ ကျနော် အသိပေးပါတယ်။ ၁၉၈၇ ခုနှစ် ကတည်းက စလို့ မြန်မာနိုင်ငံဘက်က အရင်း အတိုးပါ ပြန်ဆပ်ရမယ့် အကြွေးတွေကို ဂျပန်အစိုးရက ပြန်ဆပ်နိုင်အောင် လုပ်ပေးတာ၊ လျှော်ပစ်တာတွေ လုပ်ပေးသွားပါမယ်။”

ပြီးခဲ့တဲ့ ဧပြီလကပဲ မြန်မာနိုင်ငံရဲ့ အကြွေး ဒေါ်လာသန်းပေါင်း ၃ ထောင့် ၇ ရာကို ဂျပန်အစိုးရ က လျှော်ပစ်ပေးခဲ့တာပါ။ ခုတခါ ဒေါ်လာ သန်းပေါင်း ၆ ထောင်ကျော် ဇန်နဝါရီလထဲမှာ ထပ်ပြီး လျှော်ပေးမှာ ဖြစ်သလို ပြုပြင် ပြောင်းလဲရေးတွေ မြန်မြန်ဆန်ဆန် လုပ်လာနေတဲ့ မြန်မာနိုင်ငံ ကို ရှေ့နှစ်ထဲမှာပဲ ငွေ ပြန်ချေးပေးသွားမှာလို့လည်း ဂျပန်က ဆိုလိုက်တာပါ။ မြန်မာနိုင်ငံတွင်း ဂျပန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ လွယ်လွယ် ကူကူ ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ ဖန်တီးဖို့နဲ့ အရေးပေါ် လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး အပိုင်းတွေမှာ ရင်းနှီးမတည်ပေးတဲ့ အနေနဲ့ ခုလို အကြွေးတွေကို ဂျပန်က လျှော်ပေးခဲ့တာပါ။

ခုလို ဂျပန်အစိုးရက အကြွေး အတော် များများကို လျှော် ပေးလိုက်တဲ့ အပေါ်မှာ မြန်မာပြည်သူတွေ ရဲ့ အစား ကျေးဇူးတင်တဲ့ အကြောင်း မြန်မာ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ လက်ကျန်ကြွေးတွေ ရှင်းနိုင်အောင် ဂျပန်အစိုးရက ကူညီဆောင်ရွက်ပေးတဲ့ အတွက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ကိုယ်စား ဂျပန်အစိုးရကို ထပ်ပြီးတော့ လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ပါတယ်။” - လို့ ဦးဝင်းရှိန်က ပြောသွားတာပါ။ မြန်မာနိုင်ငံ အနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်သွားမယ့်အကြောင်းလည်း ဝန်ကြီး ဦးဝင်းရှိန်က ပြောခဲ့ပါတယ်။

“ဒီမိုကရေစီနည်းကျတဲ့၊ အစုအဖွဲ့အားလုံး ပါဝင်တဲ့၊ ငြိမ်းချမ်းပြီး ရေရှည်ခံတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်ပြီးတော့ ဒေသတွင်းမှာလည်း
အင်အားရှိရှိနဲ့ အားလုံး အတူတကွ လက်တွဲ လုပ်ဆောင်နိုင်တဲ့ အာရှဒေသ
တည်ဆောက်ရေး ဆိုတဲ့ တပြေးညီ ရည်မှန်းချက်ကို ပေါက်မြောက် အောင်မြင်အောင်
ဆောင်ရွက် တဲ့နေရာမှာ လည်း တတတ်တအား ပါဝင် ဆောင်ရွက်သွားမှာ ဖြစ်တယ်"
လို့ မြန်မာဘဏ္ဍာရေး ဝန်ကြီးက ပြောသွားတာပါ။

ဂျပန်နိုင်ငံဟာ မြန်မာကို အကြွေးအများဆုံး ပေးထားတဲ့ နိုင်ငံတွေထဲက တခုဖြစ်ပါတယ်။
ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်
ပြောင်းလဲမှုတွေ လုပ်လာခဲ့ပြီးတဲ့နောက် အနောက်နိုင်ငံတွေက မြန်မာအပေါ်
ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ် မှုတွေကို ပြန်လည် ရုပ်သိမ်းအောင်
ဆောင်ရွက်နိုင်ခဲ့သလို ခုလို ဂျပန်အစိုးရ ဘက်ကလည်း ငွေကြေး ဆိုင်ရာ အထောက်အကူပေးတာတွေလည်း ပြန်ရလာတာ ဖြစ်ပါတယ်။

အခုလို ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ အကြွေးတွေ ပြန်လျှော်ပြီး အကူအညီတွေ
ပေးမှာဖြစ်တဲ့အတွက် စွမ်းအင်နဲ့ မိုင်းလုပ်ငန်းကစလို့ စိုက်ပျိုးမွေးမြူရေး၊
ဘဏ္ဍာရေးနဲ့ ခရီးသွားလာရေး လုပ်ငန်း ပြန်လည် တည်ဆောက်ရေးတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အတွက် အခွင့်အလမ်းကောင်းတွေ ပိုပြီး ရှိလာနိုင်တယ်လို့ လေ့လာ အကဲခတ်သူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။
XS
SM
MD
LG