ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် ချေးငွေ အထောက်အပံ့တွေ ပြန်ပေးနိုင်ရေးကိစ္စ မြန်မာနဲ့ဂျပန်နိုင်ငံတို့က သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆွေးနွေးနေကြတာဟာ နောက်ဆုံးအဆင့်ရောက်နေပါပြီ။ သောကြာနေ့ စတင်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဒီကိစ္စကို အပြီးသတ် ဆွေးနွေးဖို့ ပြင်ဆင် ထားကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကနေ မြန်မာလူထု အကျိုးကျေးဇူး ခံစားရ စေဖို့အတွက် ဒီအကူအညီတွေ ပြန်ပေးဖို့ လိုအပ်ပါတယ်လို့ ဂျပန် နိုင်ငံခြားရေးဌာန၊ တာဝန်ရှိသူ တဦးက ဗွီအိုအေကိုပြောပါတယ်။
ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ပေးခဲ့ပြီး ရပ်ဆိုင်းထားခဲ့တဲ့ ODA ခေါ် ပင်လယ်ရပ်ခြား ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ ချေးငွေတွေ၊ ရန်ပုံငွေ အထောက်အပံ့တွေ နဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေကို ပြန်ပေးဖို့အတွက် မြန်မာနဲ့ ဂျပန်တို့က တာဝန်ရှိသူတွေ ဆွေးနွေးနေကြတာပါ။ ဒီလိုပြန်ပေးရေးကိစ္စမှာ အဓိကရှိနေတဲ့ကိစ္စတခုကတော့ မြန်မာနိုင်ငံက ဂျပန် နိုင်ငံကို ပြန်ပေးဆပ်ဖို့ ရှိနေတဲ့ ချေးငွေတွေကို ဘယ်လို ပြန်ပေးဆပ်မလဲ ဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပေးဆပ်ဖို့ရှိနေတဲ့ ချေးငွေစုစုပေါင်းက ဒီကနေ့ ဈေးကွက် ပေါက်ဈေးနဲ့ဆိုရင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၃,၃၀၀ ကျော်ရှိပါတယ်။
မြန်မာနိုင်ငံကို အထောက်အပံ့ ပေးရေး ဂျပန်နိုင်ငံရဲ့ လက်ရှိမူဝါဒကို ပြန်လည် သုံးသပ်နေပြီး ချေးငွေ ပြန်လည်ပေးဆပ်ရေး ဆိုင်ရာ ပြီးပြည့်စုံတဲ့ အဖြေတခုရဖို့ အစီအစဉ် တခုလုံးအတွက် နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေ လုပ်နေပါပြီလို့ ဂျပန်နိုင်ငံခြား ရေးဌာနရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ မစ္စတာ မဆရု ဆတို့ (Masaru Sato) က ဗွီအိုအေကိုပြောပါတယ်။
“မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အပြုသဘောဆောင် ပြုပြင်ပြောင်းလဲရေးတွေကို အပြည့်အ၀ အရှိန်မြှင့်နိုင် ဖို့အတွက်ဆိုရင် အခြေခံ အဆောက်အအုံတွေ တိုးတက်ကောင်းမွန်ဖို့က အရေးကြီးတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့အတွက် ODA ချေးငွေတွေကို ပြန်ပေးဖို့လိုအပ်ပါတယ်။” လို့ မဆရု ဆတို့က ပြောပါတယ်။
ဒီနှစ်အကုန်ထိဆိုရင် ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့တွေနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ အထိ ရန်ပုံငွေ ကို တိုးမြှင့်ဖို့ ရည်ရွယ်ထားတယ်လို့ သူက ဆိုပါတယ်။ အဲဒီထဲမှာ ODA ချေးငွေပမာဏ မပါသေးပါဘူး။ နောက်ထပ်ချေးငွေတွေ ထပ်ပေးဖို့ကိစ္စက အရင်ပေးဆပ်ဖို့ ကျန်နေ သေးတဲ့ချေးငွေတွေကို ဘယ်လို ပြန်ဆပ်မလည်းဆိုတာ အရင်ပြေလည်ဖို့ လိုပေမဲ့ ODA ပြန်ပေးဖို့က အင်မတန် အရေးကြီးပါ တယ်လို့ မစ္စတာ မဆရုက ပြောပါတယ်။
“မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အထောက်အပံ့ပြုဖို့အတွက်ရာ ဂျပန်နိုင်ငံရဲ့ အကူအညီကို အပြည့်အ၀ တိုးချဲ့ပြီး ODA ချေးငွေတွေကို ပြန်ပေးဖို့ကိစ္စဟာ အင်မတန်ကို အရေးကြီးပါတယ်။” လို့ မစ္စတာမဆရုက ပြောပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးခင်ကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာအခြေအနေတွေ၊ ရေရှည်ခိုင်မြဲတဲ့တိုးတက်မှု ဖြစ်စေရေးကိစ္စတွေ၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဂျပန်နိုင်ငံ ကထောက်ခံပါတယ်ဆိုတာတွေကို သောကြာနေ့ မှာစတင်မယ့် သမ္မတဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေး ပြောဆို ကြပါမယ်လို့ မစ္စတာ မဆရုကပြောပါတယ်။
ချေးငွေပြန်ဆပ်ရေးဆိုင်ရာ ပြည့်စုံတဲ့အစီအစဉ်ကို ဂျပန်အစိုးရအဖွဲ့အတွင်းမှာရော၊ မြန်မာနိုင်ငံ ကတာဝန်ရှိသူတွေနဲ့ပါ အပြင်း အထန်ဆွေးနွေးနေပြီး စနေနေ့မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးကြတဲ့ အခါ တင်ပြဖို့ နောက်ဆုံးအဆင့် ပြင်ဆင် နေတာပါလို့လည်း သူကပြောပါတယ်။ အစည်းအဝေးတွေ ပြီးတဲ့အခါမှာတော့ အစီအစဉ်ကို ထုတ်ပြန် ကြေညာသွားမယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ အစဉ်အလာအားဖြင့် မြန်မာနိုင်ငံကို အကူအညီ အထောက်အပံ့ တွေ ပေးလာခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်တပ်က အာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ ကာလတွေ မှာတောင်မှပဲ ပေးနေ ခဲ့တာပါ။ ဒါပေမဲ့လည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးတော်ပုံ ကာလမှာ ဗုဒ္ဓဘာသာ သံဃာတော် တွေကို ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်းခဲ့တဲ့ထဲ ဂျပန်နိုင်ငံသား သတင်း ထောက်တဦးပါ သေဆုံးခဲ့ ရပြီးတဲ့ နောက် အကူအညီ အတော်များများကို ရပ်ဆိုင်းထားခဲ့ပါတယ်။
အခုအခါမှာတော့ ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာနိုင်ငံမှာ အင်မတန့်ကို အပြုသဘောဆောင်တဲ့ လမ်းကြောင်းသွား နေတာ တွေ့ခဲ့ရတဲ့ အတွက် အကူအညီတွေ ပြန်ပေးဖို့ လုပ်လာတာ ဖြစ်ပါတယ်လို့ မစ္စတာမဆရု က ပြောပါတယ်။
“မြန်မာလူထုအနေနဲ့ အပြောင်းအလဲတွေကို တကယ့်ကိုခံစားရစေဖို့အတွက် နှစ်နိုင်ငံ ခေါင်းဆောင်တွေ အကြား ပူးပေါင်းဆောင်ရွက်ရေးကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ရမယ်လို့ အစဉ်အလာအားဖြင့် မြန်မာနိုင်ငံရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံအနေနဲ့ အခိုင်အမာ ယုံကြည်ပါတယ်။ အဲဒါကြောင့်လည်းပဲ ကျင်းပမယ့် ထိပ်သီး အစည်းအဝေးအတွက် ပြင်ဆင်မှုတွေကို အပြီးသတ်နိုင်ဖို့ ဂျပန်နိုင်ငံ က အပြင်းအထန် လုပ်ဆောင်နေတာပါ။” လို့ ဂျပန်နိုင်ငံခြားရေးဌာန၊ ဒုတိယပြောရေးဆိုခွင့်ရှိသူ မဆရု ဆတို့က ပြောသွားပါ တယ်။
သမ္မတဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံကို သောကြာနေ့မနက်ပိုင်းမှာ ရောက်မှာဖြစ်ပြီး လေးကြိမ်မြောက် ဂျပန်-မဲခေါင် ထိပ်သီး အစည်းအဝေးကို စနေနေ့မနက်ပိုင်းမှာ တက်ရောက်မှာဖြစ်ပါတယ်။ အဲဒီနောက်မှာ ဂျပန် ဝန်ကြီးချုပ်နဲ့ သီးခြား တွေ့ဆုံပြီး
နှစ်နိုင်ငံကိစ္စရပ်တွေ ဆွေးနွေးကြပြီးတဲ့နောက် အကူအညီပေးရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေး ထိုးပွဲရှိပါတယ်။ ထိပ်သီး ဆွေးနွေးပွဲပြီးရင်တော့ သတင်းထုတ်ပြန်ချက် တရပ် ထွက်ဖို့ရှိပြီး သမ္မတ ဦးသိန်းစိန်ဟာ ဂျပန်နိုင်ငံကနေ ဧပြီလ ၂၄ ရက်၊ အင်္ဂါနေ့မှာ ပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့ မစ္စတာမဆရုကပြောပါတယ်ခင်ဗျား။