သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အမျိုးသမီး ကျောက်ပန်းတောင်းအနီး အသတ်ခံရ


ဂျပန်အမျိုးသမီး ကျောက်ပန်းတောင်းအနီး အသတ်ခံရ
ဂျပန်အမျိုးသမီး ကျောက်ပန်းတောင်းအနီး အသတ်ခံရ

ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာများတဲ့ ပုဂံ၊ ညောင်ဦး ဒေသနားမှာ ဂျပန်အမျိုးသမီး ကမ္ဘာလှည့် ခရီးသည်တယောက် စက်တင်ဘာလ ၂၈ ရက်နေ့တုန်းက အသတ်ခံလိုက်ရပါတယ်။ ပုဂံကို လာလည်တဲ့ အသက် ၃၁ နှစ်အရွယ် ဂျပန်အမျိုးသမီးကို ဆိုင်ကယ် အငှားမောင်းသမား တယောက်က အဓမ္မကျင့်ပြီး သတ်ပစ်ခဲ့ပုံရတယ်လို့ ဒေသခံ လုံခြုံရေး အရာရှိတယောက်က ပြောပြပါတယ်။ အဲဒီ မသင်္ကာသူကို အနီးအနားမှာရှိတဲ့ ကျေးရွာသားတွေက ဝိုင်းဖမ်းပြီး ရဲလက် အပ်ခဲ့ကြတယ်လို့ သတင်းတွေမှာလည်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတုန်းက ဖြစ်ပျက်ခဲ့တဲ့ ဒီအမှုမျိုးက ဖြစ်ခဲလှတာမို့ မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို ထိခိုက်သွားနိုင်တယ်လို့ စိုးရိမ် ပူပန်စရာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ကမ္ဘာလှည့် ခရီးသည်တွေ အသွားများတဲ့ ပုဂံဘုရားဒေသမှာ အခုလို နိုင်ငံခြား ခရီးသွားတဦး သတ်ဖြတ်ခံရတာမျိုး အရင်က မဖြစ်ခဲ့ဖူးဘူးလို့ ဒေသခံ အရာရှိတွေနဲ့ Tourist Guide ဧည့်လမ်းညွှန်တွေက ဆိုကြပါတယ်။ သူ့လုံခြုံရေးအတွက် အမည်မဖော်လိုတဲ့ ဒေသခံ အရာရှိတဦးက ညောင်ဦးနဲ့ ကျောက်ပန်းတောင်းကြား ညောင်နီကျင်း ကျေးရွာလမ်းခွဲမှာ လူသူပြတ်လပ်ချိန် ဂျပန်အမျိုးသမီး ချိဟာရု ချီအီးရာမတ်ဆုကို အသက် ၃၉ နှစ်အရွယ် မင်းသိုက်က သတ်ခဲ့တာလို့ ဆိုပါတယ်။

“လမ်းကတော့ ညောင်ဦး လာပြီးတော့မှ ပုပ္ပားကို မနေ့က ထွက်သွားပြီ။ ပုပ္ပားကနေ ကျောက်ပန်းတောင်း ရောက်တယ်။ ကျောက်ပန်းတောင်းရောက်တော့ ဆိုင်ကယ်ငှားပြီးတော့ ဆိုင်ကယ် ကယ်ရီသမားနဲ့ သွားတယ် ပြောတယ်ဗျ။ အဲဒီအခါမှာ အခင်းဖြစ်တယ်ပေါ့။ အဓမ္မပြုကျင့်တယ်ဆိုတဲ့ လက္ခဏာတွေကိုတော့ ကြားမိတယ်။ အရင်တုန်းကတော့ မရှိဖူးပါဘူး။ ဒါ ထူးထူးခြားခြား တကယ့်ကို ဖြစ်ရပ်ပါ။ နောက်တချက်က ပုဂံ၊ ညောင်ဦးလို နိုင်ငံခြားသားနဲ့ ထိတွေ့နေတဲ့ နေရာမျိုးမှာ ဆိုရင်တော့ ဒါ ဖြစ်ခဲပါတယ်။”

အဲဒီတော့ လုံခြုံရေး အားနည်းသွားတာကြောင့် အခုလို ဖြစ်သွားရပါသလားလို့ မေးရာမှာတော့ ဒေသခံ လုံခြုံရေး အရာရှိကပဲ…

“လုံခြုံရေး အားနည်းတာတော့လည်း မဟုတ်ဘူးဗျ။ ဒီဘက်မှာကျတော့လည်း နည်းနည်း လူပြတ်တာလည်း ပါမှာပေါ့။ ကျောက်ပန်းတောင်းနဲ့ ညောင်ဦးကြားက တော်တော်လေး ဝေးတယ်လေ။ ဒါက အဝေးမှာ မို့လို့လည်း ဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။”

အခုလို နိုင်ငံခြား ခရီးသည် အသွားအလာများတဲ့ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ဒေသဘက်မှာ ဖြစ်တာဆိုတော့ ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်ပါသလဲလို့ မေးရာမှာတော့ ဒီဒေသကို အခုလက်ရှိ ရောက်နေတဲ့ ခရီးသွား လမ်းညွှန်တဦးဖြစ်တဲ့ ကိုစိုးဦးက…

“ဒီဟာကတော့ မကောင်းတဲ့ သက်ရောက်မှုပဲ လာမှာ။ အခုမှ Tourism က ကောင်းမလားလို့ အောက်မေ့တာ ရှိသေးတယ်၊ ဒီလိုမျိုး မကောင်းတဲ့ လက္ခဏာကြီးက ပေါ်လာတော့ ကျနော်တို့ ဒီ Tourism က မျက်နှာပျက်ရသလို ပြန်ဖြစ်တာပေါ့။ ကျန်တဲ့လူကလည်း နည်းနည်း ကြောက်သွားမှာပေါ့။”

Tourist Guide ကိုစိုးဦးကပဲ မြန်မာ့ ရှေးဘုရားဟောင်းတွေနဲ့ ထင်ရှားတဲ့ ဒေသမျိုးမှာ ဖြစ်တာမို့ မြန်မာနိုင်ငံအတွက်လည်း နိုင်ငံတကာမှာ အကြီးအကျယ် သိက္ခာကျစရာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဟာက ကျနော်တို့အတွက် လုံးဝကို သိက္ခာမရှိတာဗျ။ အမှန်တကယ် ကျနော်တို့က စောင့်ရှောက်ရမှာ အမျိုးသမီးကို။ ပြောပြောနေတဲ့ ဗုဒ္ဓဘာသာ တိုင်းပြည်ဆိုတာ ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်ဆိုတာ၊ ကျနော်တို့က မိန်းကလေးတွေကို စောင့်ရှောက်ရမှာ။ သူက ဒီလိုမျိုး လုပ်လိုက်တော့ ကျနော်တို့အတွက် တော်တော်ကို သိက္ခာကျစရာ ဖြစ်ပါတယ်။”

နောက်ထပ် အခုလို မဖြစ်ရအောင် ဘယ်လို သတိထား ရှောင်ကြဉ်မှုတွေလုပ်ဖို့ အကြံပေးနိုင်ပါသလဲလို့ မေးရာမှာတော့ ကိုစိုးဦးကပဲ…

“အဲဒီဟာတော့ နှစ်ပိုင်းရှိမယ်ဗျ။ တပိုင်းကလည်း ဧည့်သည်တွေ ကိုယ်တိုင်က ညနေစောင်း အချိန်မတော်ကြီးမှာ ယောက်ျားလေး တယောက်တည်းနဲ့ မိန်းကလေး တယောက်တည်း ဒီလိုသွားတာမျိုး ဆင်ခြင်ဖို့ လိုတာပေါ့။ ဗမာတွေဘက်ကလည်း အဲဒါမျိုး မလုပ်ဖို့ စောင့်ထိန်းဖို့တော့ လိုတယ်ဗျ။”

ဒီ ဂျပန်အမျိုးသမီး ချိဟာရု ချီအီးရာမတ်ဆုကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ကိုမင်းသိုက်ကို အခုလောလောဆယ်မှာတော့ ကျောက်ပန်းတောင်း ရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ ဒေသခံ အရာရှိတွေက ဆိုပါတယ်။

XS
SM
MD
LG