[[Zawgyi/Unicode]]
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအတွေအတွက် အမေရိကန် ပြည်ထောင်စုက လက်နက်တွေဝယ်ပြီး မူးယစ်ဆေးဝါး အလဲအလှယ်လုပ်ဖို့ ကြိုးစားခဲ့တဲ့ ဂျပန်ယာကူဇာဂိုဏ်းတခုက ခေါင်းဆောင်တယောက်ကို ဖမ်းဆီးလိုက်တဲ့အကြောင်း အမေရိကန်တရားရေးဌာနက မနေ့က ကြေညာပါတယ်။
ဂျပန် ယာကူဇာဂိုဏ်းကွန်ရက်အဖွဲ့ ခေါင်းဆောင် Takeshi Ebisawa ဟာ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် မြေပြင်ကနေ ဝေဟင်ပစ် ဒုံးလက်နက်နဲ့ တခြားလက်နက်ကြီးတွေ ဝယ်ယူမယ်ဆိုပြီး လက်နက်ပွဲစားယောင် ဟန်ဆောင်ထားတဲ့ အမေရိကန် DEA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က အရာရှိတယောက်ကို ဆက်သွယ် ပြောဆိုခဲ့တာပါ။
သူနဲ့အပေါင်းပါ ထိုင်းလူမျိုးသုံးဦးကိုလည်း အမေရိကန်ပြည်ထောင်စုက ဖမ်းဆီးလိုက်ပါတယ်။ လက်နက်တွေအတွက် တစိတ်တပိုင်း ပေးချေဖို့၊ မူယစ်ဆေး ပမာဏ အမြောက်အများနဲ့ အလဲအလှယ်လုပ်မယ်ဆိုပြီး အပေးအယူလုပ်ခဲ့တဲ့အကြောင်းနဲ့ မူးယစ်ဆေးဝါးတွေကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဖြန့်ဝေဖို့ ရည်ရွယ်တဲ့အကြောင်း နယူးယောက် တောင်ပိုင်းခရိုင် ရှေ့နေ Damian Williams က ပြောပါတယ်။
Takeshi Ebisawa ဦးဆောင်တဲ့ ယာကူဇာဂိုဏ်းခွဲဟာ အရင်ကလည်း Methamphetamine နဲ့ ဟီးရိုးအင်း မူးယစ်ဆေးတွေ အမေရိကန်ပြည်ထောင်စုထဲမှာ ရောင်းချခဲ့ပြီး တရားမဝင် လက်နက်တွေကိုင်ဆောင်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဂျပန်၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာနဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် တခြားနေရာတွေမှာ လူမှောင်ခို၊ လက်နက်နဲ့ မူးယစ်ဆေးမှောင်ခို ရောင်းဝယ်တဲ့ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတခုဖြစ်တဲ့အကြောင်းလည်း အမေရိကန် တရားရေးဌာနရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
===============
[[Zawgyi/Unicode]]
===============