သုံးရလွယ်ကူစေသည့် Link များ

ရုရှားနဲ့ ပူးပေါင်းကြံစည်မှုမရှိခဲ့ဟု Jared Kushner ထွက်ဆို


သမ္မတ Doanld Trump ရဲ့ အကြီးတန်း အကြံပေး သားမက်ဖြစ်သူ Jared Kushner

အမေရိကန် သမ္မတ Doanld Trump ရဲ့ အကြီးတန်း အကြံပေး သားမက်ဖြစ်သူ Jared Kushner က ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကာလနဲ့ ရွေးကောက်ပွဲ အပြီးကာလ အတွင်း ရုရှား အစိုးရ တာဝန်ရှိသူတွေနဲ့ လေးကြိမ်တွေ့ဆုံခဲ့တယ်လို့ ပြောဆိုပါတယ်။ ဒါပေမယ့် သူတို့နဲ့ရော၊ တခြား ဘယ်နိုင်ငံခြား အစိုးရတွေနဲ့ မဆို ပူးပေါင်းကြံစည်ခဲ့တာ မရှိဘူးလို့ ပြောဆိုပါတယ်။

အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီမှာ တံခါးပိတ် ကြားနာဖို့ ရှိနေချိန် ဒီကနေ့ တနလာင်္နေ့မှာ မစ္စတာ Kushner က စာမျက်နှာ ၁၁ မျက်နှာပါ ကြေညာချက် တစောင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီရှေ့မှောက်မှာတော့ မနက်ဖြန် အင်္ဂါနေ့မှာ ထွက်ဆိုဖို့ စီစဉ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် အမေရိကန် ရွေးကောက်ပွဲကို ရုရှားတို့ ၀င်ရောက် နှောင့်ယှက်ခဲ့မှုနဲ့ ပတ်သက်ပြီး အထက်နဲ့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီတွေက စစ်ဆေးနေတာ ဖြစ်ပါတယ်။ တင်ပြမယ့် မှတ်တမ်းတွေနဲ့ အထောက်အထား စာရွက်စာတမ်းတွေ အရတော့ ရွေးကောက်ပွဲ စည်းရုံးရေး ကာလနဲ့ သမ္မတ ရာထူး အလွှဲအပြောင်း ကာလအတွင်း တွေ့ဆုံခဲ့တဲ့ ထောင်နဲ့ချီတဲ့သူတွေထဲမှာ ရုရှား ကိုယ်စားလှယ် ၄ ယောက်နဲ့ အဆက်အသွယ် ရှိတယ်လို့ ဆိုနိုင်မှာ ဖြစ်ပေမယ့် ရွေးကောက်ပွဲ အပေါ် ဒါမှမဟုတ်လည်း မှတ်မှတ်သားသား ထင်ထင်ရှားရှား သက်ရောက်မှု ဘာမှ မရှိဘူးဆိုတာကို တွေ့ရမှာပါလို့ မစ္စတာ Kushner က ရေးသားခဲ့ပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး Sergey Kislyak နဲ့ အကျဉ်းချုံး တွေ့ဆုံမှုတွေကိုလည်း ဖော်ပြထားပြီး အမေရိကန် - ရုရှား ဆက်ဆံရေး တိုးတက်ရေး အပေါ်မှာ ဆွေးနွေးကြတာလို့ ပြောဆိုပေမယ့် မီဒီယာတွေမှာ ဖော်ပြခဲ့ကြသလို ရုရှား သံအမတ်ကြီး Sergey Kislyak နဲ့ တယ်လီဖုန်းနဲ့ နောက်ထပ် ဆက်သွယ်ပြောဆိုမှုတွေ ရှိခဲ့တယ်ဆိုတာကိုတော့ မစ္စတာ Kushner က ငြင်းဆိုပါတယ်။ လွှတ်တော် ကော်မတီတွေ ဘက်ကတော့ မစ္စတာ Kushner ရဲ့ ရုရှား အဆက်အသွယ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မေးမြန်းကြမယ်လို့ ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG