သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာကျော် အမေရိကန်အဆိုတော် ရဲ့ ရန်ကုန်စင်မြင့်ဂီတပွဲ


အမေရိကန် အဆိုတော် ဂျေဆင်မရပ်ဇ်။
အမေရိကန် အဆိုတော် ဂျေဆင်မရပ်ဇ်။
ရန်ကုန်မြို့မှာ ရွှေတိဂုံဘုရားခြေတော်ရင်းက ပြည်သူ့ရင်ပြင်မှာ အမေရိကန် တေးရေးနဲ့ အဆိုတော် တဦးဖြစ်တဲ့ ဂျေဆင်မရပ်ဇ် (Jason Mraz) ရဲ့ ဂီတဖျော်ဖြေပွဲ တရပ်ကို ကျင်းပနေပါတယ်။ ဒီဖျော်ဖြေပွဲကို နိုင်ငံတကာ အထောက်အပံ့ပေးရေး အဖွဲ့အစည်းတွေနဲ့ MTV တို့ ပူးပေါင်းပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ပညာပေးရေး အစီအစဉ်အဖြစ်နဲ့ ကျင်းပတာပါ။ မြန်မာပြည်က အဆိုတော်တွေ ဖြစ်ကြတဲ့ ဖြူဖြူကျော်သိန်း၊ အာဇာနည် စတဲ့ နံမည်ကြီး အဆိုတော်တွေလည်း ပါဝင်တဲ့ ဒီ စင်မြင့်ဂီတ ဖျော်ဖြေပွဲ အကြောင်းကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ကျော်ကြားတဲ့ အမေရိကန် အဆိုတော် ဂျေဆင်မရပ်ဇ် ရဲ့ အခမဲ့ ဂီတပွဲတော်ကို ရွှေတိဂုံ ဘုရား ခြေတော်ရင်းက ပြည်သူ့ရင်ပြင်မှာ အခု ကျင်းပနေပါတယ်။ ပရိသတ် ၅ သောင်း လောက် လာရောက်တဲ့ ဒီ MTV EXIT ရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ အသိပညာပေးရေး ဂီတပွဲတော်က ပြည်ပက ကျော်ကြားတဲ့ အဆိုတော် တယောက်ရဲ့ ပထမဆုံးသော Live Show လည်း ဖြစ်ပါတယ်။ ပွဲတော် အစမှာတော့ MTV EXIT ရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး သံတမန် Bronte Moules က ကျေးကျွန်စနစ် ပပျောက်ရေးနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး လူတိုင်း ပူးပေါင်း ပါဝင်ကြပါလို့ အဖွင့်မှာ ပြောကြားသွားပါတယ်။ ရွှေတိဂုံ ဘုရား နောက်ခံထားပြီး ကျင်းပနေတဲ့ ဂျေဆင်မရပ်ဇ်ရဲ့ ဂီတပွဲ အဖွင့်ကိုတော့ ရိုးရာဆီမီးခွက် အကနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာ တေးသံရှင်တွေလည်း ပူးပေါင်း ဖျော်ဖြေခဲ့ကြပါတယ်။

တေးသံရှင် တဦးဖြစ်တဲ့ အာဇာနည်ကတော့ ဒီပွဲမှာ တေးသီချင်း သုံးပုဒ်နဲ့ ဖျော်ဖြေခဲ့ပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ရည်ရွယ်ကျင်းပတဲ့ ဒီပွဲကနေပြီးတော့ မြန်မာပြည်သူ တရပ်လုံး ပူးပေါင်းပါဝင်ကြပါလို့ အခုလို တိုက်တွန်းလိုက်ပါတယ်။

“ကျနော်တို့ ထင်တာကတော့ လူကုန်ကူးမှု ပပျောက်ရေးအတွက် ဒီပွဲလေးကို စီစဉ်တာပေါ့နော်။ MTV EXIT ကနေ ကြီးကြပ်တဲ့ ပွဲ ဖြစ်တဲ့အတွက် အဓိက သူတို့ပေးတဲ့ နံပတ်တစ် လူကုန်ကူးမှု ပပျောက်ရေးအတွက် အားလုံး ဒီပွဲကို လာရောက် ကြည့်ရှုကြတဲ့သူတွေရော၊ မကြည့်ရှုရတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံး လူကုန်ကူးမှုတွေကို ခုချိန်ကနေ စပြီးတော့ ရပ်တန့်ဖို့အတွက် ကျနော် သတိပေးချင်ပါတယ်။”

မြန်မာပရိသတ်တွေလည်း အားပေးကြတဲ့ ကမ္ဘာကျော် အဆိုတော် တယောက်နဲ့ တွဲဖက်သီဆိုရတာ ပထမဆုံး အကြိမ်လည်း ဖြစ်တဲ့အပြင် လူမှုရေး လုပ်ငန်းတွေမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ပါဝင်လုပ်ဆောင်ရလို့ ဝမ်းသာရပါတယ်လို့လည်း နိုင်ငံကျော် အဆိုတော် အာဇာနည်က ပြောပါတယ်။

“သိကြပါတယ်။ သူ့သီချင်းတွေကို မြန်မာတွေက သိပါတယ်။ အပြည့်အ၀ အားပေးဖို့လည်း စောင့်နေ ပါတယ်။ သူ့အလှည့်တော့ မရောက်သေးဘူးပေါ့နော်။ ကျနော်တို့ ဘဝမှာ ဒါ ပထမဆုံး အကြိမ် တွေ့ကြုံရတဲ့ အတွေ့အကြုံ ဖြစ်တဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ကမ္ဘာကျော် အဆိုတော်တွေနဲ့ တွဲဖက်ပြီးတော့ သီဆိုရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားပြီးတော့ အရမ်းကို ပျော်ပါတယ်။”

ဒီကနေ့ အမေရိကန် နာမည်ကြီး အဆိုတော် ဂျေဆင်မရပ်ဇ်ရဲ့ ဂီတပွဲကို မြန်မာ တေးသံရှင် အတော်များများလည်း ပူးပေါင်း ကူညီ သီဆိုခဲ့ကြပါတယ်။

ပွဲကို လာရောက်တဲ့ ပရိသတ်တဦးကလည်း ဂီတပွဲနဲ့ ပတ်သက်ပြီး ခုလို ပြောပါတယ်။

“အများကြီးပဲရှင့်။ အများကြီးမှ အများကြီးပဲ။ ပြည်သူ့ရင်ပြင် အပြည့်ပဲ။ လူကြီးပိုင်းတွေလည်း ပါတယ်။ လူငယ်တွေလည်း ပါတယ်။ အခုလာခဲ့တာ တော်တော် ကောင်းပါတယ်။ သူတို့ တန်းစီတဲ့သူက အစ ဝင်ဖို့ တော်တော် တန်းစီရပါတယ်။ တော်တော်များများ စည်းကမ်းရှိရှိနဲ့ တန်းစီကြတယ်။ နောက်ပြီးတော့ လုံခြုံရေးလည်း ကောင်းတယ်။ စည်းကမ်း တော်တော်ရှိတာတော့ MTV EXIT လုပ်တယ်ဆိုတော့ organize လုပ်ထားတာ တော်တော်ကောင်းပါတယ်။ သွားရေးလာရေးတော့ မပြောတတ်ဘူးရှင့်။ ကျမတို့ ကိုယ့်ကားနဲ့ ကိုယ် လာတော့ သူတို့က ပါကင် နေရာ စီစဉ်ထားပေးတယ်။ ပြည်လမ်းမက ပိတ်ထားပေးတယ်။ ပြည်သူ့ရင်ပြင်ကို ထိတဲ့ လမ်းကို ပိတ်ထားပေးတယ်။”

ဂီတပွဲ ရှိတဲ့ ပြည်သူ့ရင်ပြင် တဝိုက်က လမ်းတွေကို ပိတ်ထားပေးပြီး ပွဲလာရောက်သူတွေ အတွက်လည်း ကားရပ်နားဖို့ နေရာတွေ၊ အငှားကားတွေ ရှိနေတာကြောင့် သွားရေးလာရေးလည်း အဆင်ပြေပါတယ်လို့ ပွဲလာရောက်သူတွေက ပြောပါတယ်။
XS
SM
MD
LG