သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Jerusalem ကို အစ္စရေးမြို့တော်အဖြစ် Trump အသိအမှတ်ပြုမှုအပေါ် နိုင်ငံတကာ တုံ့ပြန်


သမ္မတ Trump က ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း လက်မှတ်ရေးထိုးခြင်းအား ပြသစဉ်။
သမ္မတ Trump က ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း လက်မှတ်ရေးထိုးခြင်းအား ပြသစဉ်။

Jerusalem ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုကြောင်းနဲ့ အမေရိကန်သံရုံးကို Tel Aviv ကနေ Jerusalem ကို စတင် ပြောင်းရွှေ့ဖို့ လုပ်နေကြောင်း သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ အခုလို လုပ်ဆောင်မှု အတွက် ကမ္ဘာတလွှားက အနုတ်လက္ခဏာဆောင်တဲ့ တုံ့ပြန်မှုတွေ အတော်များများ တွေ့လာရပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အမေရိကန်အစိုးရရဲ့ ဒီအငြင်းပွါးဖွယ်လုပ်ရပ်က ဒေသတွင်းတင်းမာမှုတွေကို မီးလောင် ရာလေပင့် ဖြစ်လာစေနိုင်တဲ့အပြင် အာရပ်နဲ့အစ္စရေး ငြိမ်းချမ်းရေး သဘောတူညီမှုရအောင် အမေရိကန်ရဲ့ ကြိုးစားနေမှုတွေကို ဖျက်ဆီးပစ်နိုင်တယ်လို့ အာရပ်နဲ့ မူဆလင်နိုင်ငံတွေက သတိပေးနေတဲ့ကြားကပဲ အခုလို သမ္မတ Trump က ကြေညာခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ ဒီအစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ "Days of Rage" ခေါ် “ဒေါသ လွှမ်းခြုံတဲ့ ရက်များ” အဖြစ် ၃ ရက်တာ ကျင်းပဖို့ ပါလက်စတိုင်း တွေက တောင်းဆိုကြ ပါတယ်။

ဒါပေမယ့် အမေရိကန် သမ္မတ Trump ကတော့ အခုအချိန်ဟာ ဒီလို လုပ်ဆောင်ရမယ့် အချိန်ရောက်ပြီလို့ သူယုံကြည်ကြောင်း သမ္မတအိမ်ဖြူတော်မှာ ပြောကြားခဲ့ တာပါ။

“ဒါ့ကြောင့် အခုအချိန်ဟာ Jerusalem ကို အစ္စရေးရဲ့ မြို့တော်အဖြစ် တရားဝင် သတ်မှတ် ရမယ့် အချိန်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ပြောခဲ့တာပါ။ အရင်သမ္မတ တွေလက်ထက်မှာ ဒီလို ပြောင်းရွှေ့ဖို့ကိစ္စကို မဲဆွယ်ပွဲမှာ အဓိကထား ပြောကြားခဲ့ကြပေမယ့် ပြောတဲ့အတိုင်း တယောက်မှ မလုပ်ခဲ့ကြ ပါဘူး။ ဒီနေ့တော့ ဒါကို ကျနော် လုပ်နေပါပြီ။ ဒီလို လုပ်တာဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစွီးပွါးအတွက် ကျနော်လုပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အစ္စရေးနဲ့ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေးရဖို့လည်း ဆက်ပြီးလုပ်မှာပါ။”

အမေရိကန် သံရုံးကို Tel Aviv ကနေ Jerusalem ကို စတင်ပြောင်းရွှေ့ဖို့လည်း သမ္မတက အမေရိကန် နိုင်ငံခြားရေးဌာနကို ညွှန်ကြားခဲ့ပါတယ်။

အခုလို လုပ်ဆောင်တာဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ရေရှည်ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ အမေရိကန်တွေထားရှိတဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို စွန့်ခွါတာ မဟုတ်ဘူးလို့ သမ္မတ Trump က အထူးပြုပြောကြားခဲ့သလို Jerusalem က အစ္စရေးရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ဒါမှမဟုတ် ၂ ဘက်ကြား နယ်နိမိတ် အငြင်းပွါးမှုဆိုင်ရာ အဖြေရှာမှုတွေအပါအဝင် ဘယ်ဘက်ကိုမှ ဘက်လိုက်မှာ မဟုတ်ဖူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် Jerusalem က ဘာသာရေး အထွဋ်အမြတ်ထားရာ နေရာတွေအတွက် နဂို အတိုင်း ပိုနေမြဲ ကျားနေမြဲ အတိုင်းပဲ ဘက်အားလုံးက သဘောထားဖို့လည်း သမ္မတ Trump က တောင်းဆိုလိုက်ပါတယ်။

အမေရိကန် သမ္မတရဲ့ ဒီဆုံးဖြတ်ချက်ဟာ သမိုင်းဝင်ဆုံးဖြတ်ချက်တခုလို့ အစ္စရေး ဝန်ကြီး ချုပ် Benjamin Netanyahu က ပြောကြားခဲ့ပြီး အစ္စရေးရဲ့ သမိုင်းကြောင်းနဲ့ အမျိုးသားရေး ဆိုင်ရာအသိမှတ်ပြုမှုတွေ နေ့စဉ်လိုလို လက်ခံရရှိနေတဲ့ ထဲမှာ ဒီနေ့ကတော့ အထူးခြား ဆုံးပါလို့ ပြောပါတယ်။

ဒါပေမယ့် ပါလက်စတိုင်း သမ္မတ Mahmoud Abbas ကတော့

သမ္မတ Trump ရဲ့ အစီအစဉ်ဟာ အမေရိကန် အစိုးရရဲ့ အစ္စရေး ပါလက်စတိုင်းနှစ်ဖက် ကြား ငြိမ်းချမ်းရေးရဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းရင်း ညှှိနှိုင်းရေးမှူးအဖြစ် လုပ်ဆောင်နေရာ ကနေ စွန့်ခွါလိုက်တာမျိုး ဖြစ်နေကြောင်း ပြောသွားတာပါ။

တူရကီသမ္မတ Recep Tayyip Erdogan နဲ့ ဂျော်ဒန်ဘုရင် Abdullah တို့ဟာ OIC အစ္စလာမ်မစ် ပုးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင် ၅၇ နိုင်ငံ အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ ဗုဒ္ဓဟူးနေ့က Ankara မှာ တွေ့ဆုံခဲ့ကြပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron ကလည်း အမေရိကန်သမ္မတရဲ့ ဒီဆုံးဖြတ်ချက်ဟာ ဝမ်းနည်းစရာကောင်းတယ်လို့ မှတ်ချက်ချပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ လိုတယ်လို့ နိုင်ငံတကာကို ကိုယ်စားပြုပြီး ဗုဒ္ဓဟူးနေ့မှာပဲ ပြောကြားခဲ့ပါတယ်။

“Jerusalemပြဿနာဟာ သက်ဆိုင်တဲ့နိုင်ငံနှစ်ခုကြား တိုက်ရိုက် ဆွေးနွေး ညှိနှိုင်းဖြေရှင်း ရမယ့် ပြဿနာတရပ်ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေကောင်စီနဲ့ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်တွေ အပေါ် အခြေခံပြီး လုပ်ဆောင်ရမှာပါ။

အခုလို သိပ်ကို စိုးရိမ်စရာကောင်းတဲ့ အခြေနေမှာ ကျွန်တော် ရှင်းရှင်းပဲ ပြောပါရစေ။ ၂ ပြည်ထောင် သီးခြား ရပ်တည် ဖြေရှင်း ရမယ့် အဖြေကလွဲလို့ တခြားနည်းလမ်း မရှိပါဘူး။ ၂ ပြည်ထောင် အတူယှဉ်တွဲနေထိုင်ပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အတတွက် ၂ ဖက် အပြန်အလှန် အသိအမှတ်ပြု ဖို့ပဲ လုပ်ရမှာဖြစ်ပါတယ်။ Jerusalem ကို ပါလက်စတိုင်းနဲ့ အစ္စရေး တို့ရဲ့ မြို့တော်အဖြစ် ထားပြီး သက်ဆိုင်ရာ နှစ်နိုင်ငံ ဆွေးနွေးဖြေရှင်းရင်းနဲ့ အောင်မြင်မှု ရအောင် လုပ်ရမှာပါ။”

ပုပ်ရဟန်းမင်းကြီး Francis ကတော့ Jerusalem ကို မူလ ရှိရင်းစွဲ အနေထားအတိုင်း ထားရှိကြဖို့ တောင်းဆိုရင်း နှိုင်းနှိုင်းချိန်ချိန် စဉ်းစဉ်း စားစား လုပ်ကြဖို့နဲ့ သွေးထွက်သံယို မှုတွေ ကို ရှောင်ရှားကြဖို့ ပန်ကြားခဲ့ပါတယ်။

Trump-Jerusalem
please wait

No media source currently available

0:00 0:04:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG