သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းသားဂျက်လီ မြန်မာ လူငယ်တွေကို ကွန်ဖူးသင်ရေးစီစဉ်


ကြက်ခြေနီအဖွဲ့ရဲ့ သံကိုယ်စားလှယ်နဲ့ ဂျက်လီဖောင်ဒေးရှင်းတည်ထောင်သူ တရုတ်မင်းသား Jet Li
ကြက်ခြေနီအဖွဲ့ရဲ့ သံကိုယ်စားလှယ်နဲ့ ဂျက်လီဖောင်ဒေးရှင်းတည်ထောင်သူ တရုတ်မင်းသား Jet Li
နာမည်ကျော် တရုတ် ရုပ်ရှင်မင်းသား ဂျက်လီအနေနဲ့ မြန်မာနိုင်ငံက လူငယ်တွေကို ကိုယ်ခံသိုင်းပညာ လက်ဆင့်ကမ်းသင်ပေးဖို့ သူရဲ့ဖောင်ဒေးရှင်း ရန်ပုံငွေအဖွဲ့က စီစဉ်နေတဲ့အကြောင်း တရုတ်-မြန်မာချစ်ကြည်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းက အထက်တန်းကျောင်း နှစ်ကျောင်းအတွက် အမေရိကန်ဒေါ်လာ နှစ်သောင်းခွဲနီးပါး တန်ဖိုးရှိတဲ့ ကစားကွင်းပစ္စည်းတွေကို ဂျက်လီဖေါင်ဒေးရှင်းက လှူဒါန်းလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာရုပ်ရှင်ပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ နာမည်ကြီး တရုတ် အက်ရှင်မင်းသား ဂျက်လီဦးဆောင်တဲ့ ဖေါင်ဒေးရှင်းကနေ လှူလိုက်တဲ့ ကစားကွင်းပစ္စည်းတွေဟာ အခုဆိုရင် မန္တလေးတိုင်းက မတ္တရာနဲ့ စဉ့်ကိုင်မြို့အထက်တန်းကျောင်း နှစ်ကျောင်းကို ရောက်ရှိနေပြီလို့ တရုတ်-မြန်မာချစ်ကြည်ရေး (မန္တလေးတိုင်း) ဒုဥက္ကဋ္ဌ ဦးသန်းထိုက်က ဗွီအိုအေကိုပြောပါတယ်။

“စဉ့်ကိုင်နဲ့ မတ္တရာမှာရှိတဲ့ အထက်တန်းကျောင်းတွေကို ကစားစရာပစ္စည်းပေါ့၊ Play Ground ပေါ့-နော။ လှူဒါန်းတာပေါ့။ ကျောင်းသားငယ်လေးတွေ ပျော်ရွှင်စွာ ကစားနိုင်ဖို့။ အဲဒီဟာနဲ့ပတ်သက်ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအဖွဲ့မှာတော့ ကျနော်ကတော့ ဒု-ဥက္ကဋ္ဌလေ၊ ကျနော်တို့ဆီ ဆက်သွယ်မိတယ်။ ဆက်သွယ်မိတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးတို့၊ ဘာတို့ အထက်ကို အမိန့်ခံရတာပေါ့။ သူတို့ကနေ အမိန့်ချပြီးတော့ အဲဒီ အလှူပစ္စည်းတွေကို ကျောင်းကို အရောက် ပို့ပေးလိုက်တယ်။”

မေး။ ။ ဟုတ်ကဲ့၊ အဲဒီတော့ စဉ့်ကိုင်နဲ့ မတ္တရာ ကျောင်းတွေကိုမှ ဘာလို့ ရွေးချယ်ဖြစ်တာလဲရှင့်။

ဖြေ။ ။ သူတို့ကိုယ်တိုင်ကိုယ်ကျတော့ ကိုယ်စားလှယ်အနေနဲ့ ကွင်းဆင်းပြီးတော့ သွားကြည့်လိုက်တယ်။ ကြည့်ပြီးတော့ သင့်လျော်မယ်ထင်တဲ့ ကျောင်းကို ရွေးချယ်လိုက်တာပေါ့လေ၊ မတ္တရာမှာတော့ အထက်တန်းကျောင်း တစ်ကျောင်းပဲရှိတယ်။ စဉ့်ကိုင်မှာ ကြားသလောက်တော့ သုံးကျောင်းထဲက တစ်ကျောင်းကို ရွေးတယ်လို့ ပြောသံကြားတာပေါ့။ ဒါပေမယ့် ကျနော်လည်း မရောက်ဖူးသေးဘူး။ ၂၅ ရက်နေ့ကို သွားဖို့ရှိတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေ့မှာ အလှူပစ္စည်းပေးအပ်ပွဲ ရှိတယ်လေ။

ကစားကွင်းပစ္စည်းတွေထဲမှာ လျှောစီး၊ ထန်းစီး၊ အောက်ခင်းဖော့ပြားများ စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီပစ္စည်းတွေကို ဖေဖေါ်ဝါရီလ (၁၇၊ ၁၈) နေ့မှာ ဂျက်လီဖောင်ဒေးရှင်းက ကျွမ်းကျင်သူတွေက အဲဒီကျောင်းတွေမှာ သွားရောက်တက်ဆင်ပေးမှာပါ။ ဒါ့အပြင် အဲဒီ ကျောင်းတွေက ကျောင်းသား လူငယ်တွေကို ကိုယ်ခံသိုင်းပညာသင်ပေးဖို့ မင်းသားဂျက်လီက စိတ်ဝင်စားတဲ့ အကြောင်း ဦးသန်းထိုက်က ဆိုပါတယ်။

“ဂျက်လီကလည်း သူပြောတာက ဗမာပြည်မှာရှိတဲ့ကလေးသူငယ်တွေကို ကွန်ဖူး သိုင်းပညာလေးကို သူ သင်ပေးချင်တာပေါ့။ အဲဒါနဲ့ပတ်သက်ပြီး သူတို့လည်း လေ့လာရေးပေါ့၊ နောက်တစ်ဆင့်တက်ပြီး ဘယ်လို လှုပ်ရှားမလဲဆိုတာ ကျနော်တို့နဲ့ ဆွေးနွေးတုန်းပဲ။”

မင်းသားဂျက်လီဖောင်ဒေးရှင်းအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ သဘာဝဘေးဒဏ်ခံ ခဲ့ရတဲ့နေရာတွေမှာ လိုအပ်နေတဲ့အကူအညီတွေပေးဖို့ အရင်ကတည်းက စိတ်ဝင်တစားရှိခဲ့တယ်လို့လည်း ပြောပါတယ်။

“ဂျက်လီဖောင်ဒေးရှင်းက တရုတ်ပြည်မှာ လူတိုင်းဆီကို တစ်ဦးတစ်ကျပ်နှုန်းနဲ့ သူတို့က အလှူခံပြီးတော့ ပထမ တရုတ်ပြည်မကြီးမှာရှိတဲ့ ဆင်းရဲတဲ့ကလေး သူငယ်တွေ၊ ကျောင်းတွေတို့၊ တချို့ဆိုရင် ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်ကြ တာတွေ၊ အဲဒီဟာတွေကို အဓိကကူညီပံ့ပိုးပေးတာ၊ ကူညီပံ့ပိုးပေးတဲ့ အတွက်ကြောင့် ဒီတခေါက်ကတော့ ဗမာပြည်ကို သူတို့ ပထမဦးဆုံး ဖောင်ဒေးရှင်းနဲ့ အလှူဒါနပြုလုပ်တဲ့အကြောင်းပေါ့လေ။ အဓိက အဲဒါနဲ့လာကြတာ၊ စိတ်ဝင်စားလို့။”

မင်းသားဂျက်လီကို ၁၉၆၃ ခုနှစ်မှာ ဘေဂျင်းမြို့တော်မှာ မွေးဖွားခဲ့တာပါ။ သူ နှစ်နှစ်သားအရွယ်ကတည်းက ဖခင်ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက ဝူးရှူးသိုင်းပညာကို သင်ယူခဲ့ပြီးနောက် အဲဒီသိုင်းပညာနဲ့ကျော်ကြားလာခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ မင်းသားဘဝကို ရောက်ရှိခဲ့တာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG