သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒီ လုပ်ကြံခံရမှု နှစ် ၅၀ပြည့်


ကနေဒီ လုပ်ကြံခံရတဲ့နေ့ နှစ် ၅၀ပြည့်တဲ့နေ့မြင်ကွင်း။
ကနေဒီ လုပ်ကြံခံရတဲ့နေ့ နှစ် ၅၀ပြည့်တဲ့နေ့မြင်ကွင်း။
၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့ တက္ကဆက် ပြည်နယ် Dallas မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကတော့ အမေရိကန် သမိုင်းမှာ အငြင်းပွားစရာတွေနဲ့ သုံးသပ် ပြောဆိုမှု အများဆုံး အဖြစ်အပျက် တချို့ ရှိနေပါတယ်။ Dallas မြို့မှာ သမ္မတ John F Kennedy လုပ်ကြံခံရတာမှာ မျက်မြင်တွေ့ရှိခဲ့သူတွေကတော့ သူတို့ဘ၀ တလျှောက်လုံး ဒီပုံရိပ်တွေ စွဲထင်နေပြီး၊ ဒီအဖြစ်အပျက်တွေကြောင့် သူတို့ ဘဝတွေကိုလည်း ရာသက်ပန် ပြောင်းလဲစေခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် Kane Farabaugh ကစုစည်းတင်ပြထားပါတယ်။

၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့ တက္ကဆက် ပြည်နယ် Dallasက လေဆိပ်ကို အမေရိကန် သမ္မတရဲ့ Air Force One လေယာဉ် ဆိုက်ရောက်လာပြီ ဆိုတာနဲ့ သမ္မတ ကနေဒီရဲ့ ခရီးစဉ် သတင်းတွေ ရဖို့အတွက် သတင်းထောက်တွေ ပျားပန်းခပ် လှုပ်ရှားနေတဲ့အထဲမှာ သတင်းထောက် Bob Huffaker လည်း ပါဝင်ပါတယ်။

"ကျနော့်တာဝန်က Dallas မြို့ထဲက Main နဲ့ Ackerd ကို သွားပြီး သမ္မတ ယာဉ်တန်း အကြောင်း အသံလွှင့်ဖို့ပါ။"

သမ္မတ ကနေဒီ လိုက်ပါလာတဲ့ ယာဉ်တန်း Dallas မြို့ကို ဖြတ်သန်းသွားတဲ့ တလျှောက်မှာ လူအုပ်ကလည်း အပြည့်အကျပ်ပါဘဲ။ အဲ့ဒီအချိန်မှာဘဲ နေ့လည်စာ စားဖို့ ထွက်လာတဲ့ Jim Tague မှာလည်း လူအုပ်ထဲမှာ ပိတ်မိနေခဲ့တာပါ။ ဒါကြောင့်လည်း သူ့ကားကို ရပ်ပြီး ဘာဖြစ်နေလဲ ဆိုပြီး လူအုပ်နောက်ကနေ ကြည့်ခဲ့ပါတယ်။

"အလံတွေ လွှင့်ထားတဲ့ ကားတစင်းလည်း ဝင်လာတော့ လူအုပ်ထဲကို ထပ်ကြည့် မနေတော့ဘူးလေ။ ဒီနေ့ သမ္မတ ကနေဒီ မြို့ကို ရောက်လာမယ်ဆိုတဲ့ အကြောင်း သတင်းစာတွေထဲမှာ ဖတ်ထားတာကို သတိရသွားတော့တာပါဘဲ။ သမ္မတ ကားက ကျနော့် မြင်ကွင်းထဲကနေ ပျောက်သွားပြီး ၂ စက္ကန့်လောက် အကြာမှာ ဗျောက်အိုးဖောက်သံလိုလို ထွက်လာတော့ တယောက်ယောက်က ဗျောက်အိုးနဲ့ ပစ်လိုက်တယ်လို့ ထင်မိပါတယ်။ ဒီနောက်မှာတော့ ရိုင်ဖယ် သေနတ် ပစ်သံ ၂ ချက် ထွက်လာပါတယ်။ ကျနော်လည်း အဲဒီနေရာမှာ ကြောင်ပြီးရပ်နေပြီး ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ဆိုပြီး ကြည့်နေမိပါတယ်။ တယောက်ယောက်က သမ္မတကို သေနတ်နဲ့ ပစ်ခဲ့သလားဆိုပြီးလည်း စဉ်းစားနေခဲ့ပါတယ်။"

"မှားစရာကို မရှိပါဘူး။ သေနတ်နဲ့ သုံးချက် ပစ်ခဲ့တာပါ"လို့ Dallas မြို့က ဒုတိယ ရဲအရာရှိ Gene Boone က ဆိုပါတယ်။ သူဟာဆိုရင် သမ္မတ ကနေဒီရဲ့ ယာဉ်တန်း အပြင်ဘက်ကနေ အဖြစ်အပျက်ကို ပထမဆုံး တုန့်ပြန်ခဲ့တဲ့လုံခြုံရေး အရာရှိတွေထဲက တယောက်ပါ။

"ကျနော် အဲဒီနားကို ရောက်လာတဲ့ အချိန်မှာ လူနှစ်ယောက် သေတယ်လို့ ကျနော့်ကို ကျနော် ပြန်ပြောလိုက်မိပါတယ်။ ဒါပေမယ့် ကျနော် ဒီလူတွေနား နီးနီးကပ်ကပ် ရောက်လာချိန်မှာ သူတို့က ပြန်ထလာခဲ့ကြပါတယ်။"

သမ္မတ မော်တော်ယာဉ်တန်းဟာလည်း Parkland ဆေးရုံကို အရှိန်ပြင်းပြင်း မောင်းဝင်လာတဲ့ အချိန်မှာ သူနာပြု Phyllis Hall ဟာဆိုရင် သူမရဲ့ တာဝန်ချိန်ကို လက်စသတ်နေချိန် ဖြစ်ပါတယ်။

"တံခါးတွေ ဝုန်းကနဲ ပွင့်ဝင်လာတော့ ကျမလည်း ဘာဖြစ်လာတယ် ဆိုတာကိုတောင် စဉ်းစားချိန်မရလိုက်ပါဘူး။"

သူနာပြု Hall က သေနတ်ထိလာတဲ့ သမ္မတ ကနေဒီရဲ့ ဦးခေါင်းနဲ့ ရင်ဘတ် အနေအထားကို ပြုပြင်ပေးပြီး တွန်းလှည်းပေါ်တင်ပြီး အရေးပေါ် အခန်းကို အပြေးတပိုင်း တွန်းသွားခဲ့ပါတယ်။

"အဲဒီအချိန်မှာ ကျမမှာ နားကျပ် ရှိမနေပါဘူး။ ဒါပေမယ့် နှလုံးခုန်နေတယ် လို့တော့ ကျမ မခံစားရပါဘူး။"

ဆရာဝန်တွေနဲ့ သူနာပြု တွေဟာ သမ္မတ ကနေဒီကိုရော တက္ကဆက် ပြည်နယ် အုပ်ချုပ်ရေးမှူး John Connolly ကိုပါ ဂရုစိုက် ကုသခဲ့ကြပါတယ်။ ဆေးရုံ အပြင်မှာတော့ လူအုပ်ကြီးက တစထက် တစ များလာပါတယ်။

သတင်းထောက် Bob Huffaker ကတော့ အခုလို ပြောပါတယ်။

"သမ္မတ ယာဉ်တန်းနဲ့ လိုက်ပါလာတဲ့ လူကြီးလူကောင်းတွေဟာဆိုရင်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ ဖြစ်နေခဲ့ကြပါတယ်။"

သတင်းထောက် Huffaker ဟာဆိုရင် အရေးပေါ်ခန်း အပြင်ဘက် သူ့ဆိုင်ကယ် အနားမှာ ရှိနေပြီး သူ့ ရေဒီယို ဌာနက သမ္မတ ကနေဒီရဲ့ နောက်ဆုံး အခြေအနေ ဖြစ်ထွန်းမှုတွေ လွှင့်ထုတ်နေတာတွေကို ဂရုတစိုက် နားထောင်နေခဲ့တာပါ။

ဆေးရုံဝန်ထမ်းတွေ သမ္မတ ကနေဒီကို အသက်ကယ်နိုင်ရေး ကြိုးစားမှု မအောင်မမြင် ဖြစ်နေတဲ့ အချိန်မှာဘဲ အေပီ သတင်းဌာနက သတင်းထောက် Mikde Cochran ဟာ သမ္မတရဲ့ နောက်ဆုံး အခြေအနေကို သိဖို့ အတွက် ဆေးရုံကို လာရောက်ချိန် ဖြစ်ပါတယ်။

"သူနာပြုတွေ အများကြီးဘဲ ခန်းမကြီးထဲကို ဆင်းလာပြီး ရင်ဘတ် စည်တီး ငိုလိုက်ကြတာဗျာ။ ချက်ချင်းဆိုသလိုဘဲ သမ္မတ ကနေဒီ ဆုံးသွားပြီ ဆိုတာကို ကျနော်တို့ သိလိုက်ကြပါတယ်။"

သမ္မတ ကနေဒီ လုပ်ကြံခံခဲ့ရတဲ့ အဖြစ်အပျက်ကတော့ တက္ကဆက် ပြည်နယ် Dallas မြို့အတွက်တော့ အရိပ်မည်းကြီး ဖြစ်ခဲ့ရပါတယ်။ Dallas မြို့က ဦးဆောင်သူတွေအနေနဲ့လည်း သမ္မတ ကနေဒီ လုပ်ကြံခံရချိန်ကစလို့ နှစ်ပေါင်း ၅၀ အတွင်း ဒီအရိပ်မည်းကြီးကို ပြောင်းလဲနိုင်အောင် ကြိုးစားနေကြရဆဲပါ။

အမေရိကန်ပြည်ထောင်စု တက္ကဆတ်ပြည်နယ် Dallas မြို့မှာ အမေရိကန် သမ္မတ ကနေဒီ လုပ်ကြံခံရချိန်အတွင်း မျက်မြင်တွေ့ရှိသူတွေ၊ သတင်းသမားတွေ နဲ့ ရဲအရာရှိတွေရဲ့ပြောပြချက်တွေကို VOA သတင်းထောက် Kane Farabaugh စုစည်းတင်ပြထားတာပါ။

တဆက်တည်းပါပဲ အဲ့ဒီ့အချိန်တုန်းက အမေရိကန်ပြည်ထောင်စု မှာ ရောက်ရှိနေထိုင်နေပြီဖြစ်တဲ့ ဒေါက်တာကျော်ဝင်းရဲ့ ပြန်ပြောင်းပြောပြချက်
တွေကိုလည်း နားဆင်ကြရအောင်ပါ။

သမ္မတကနေဒီ လုပ်ကြံခံခဲ့ရတဲ့သတင်းဟာ အဲ့ဒီ့အချိန်တုန်းက အမေရိကန် တနိုင်ငံလုံးမှာ အတော်လေး တုန်လှုပ်စရာဖြစ်ခဲ့ရပါတယ်။ အဲ့ဒီ့အချိန် အမေရိကန်ပြည်ထောင်စုမှာ ရှိနေသူ မြန်မာလူမျိုး ဒေါက်တာကျော်ဝင်းကတော့ ဒီအဖြစ်အပျက် တလျောက်လုံးကို အမေရိကန်ရုပ်သံတွေက တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သလို အမေရိကန်နိုင်ငံတဝှမ်းလုံးက အမေရိကန်ပြည်သူတွေ စိတ်မကောင်းဖြစ်ခဲ့ကြရတယ်လို့ပြောပါတယ်။ ဒေါက်တာကျော်ဝင်းရဲ့ ကိုယ်တွေ့ အတွေ့အကြုံကိုတော့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

" အဲ့ဒီ့တုန်းက ဒီတိုင်းပြည်ကို အန်ကယ်လ်ပြန်ရောက်တာ ၁၉လပဲ ရှိသေးတယ်။ အလုပ်က ကယ်လီဖိုးနီးယား၊ Presidio of Monterey ဆိုတဲ့ အမေရိကန် တပ်မတော် စစ်စခန်းမှာ နိုင်ငံခြား ဘာသာစကား သင်ပေးတဲ့ကျောင်းမှာ စာပြနေတယ်။ အဲ့ဒီ့တော့ အဲ့ဒီ့နေ့မနက်က ၁၁နာရီနဲ့ ၁၁နာရီခွဲလောက် ပတ်ဝန်းကျင်မှာ ရေဒီယိုက အသံကြားတယ်။ အဲ့ဒီ့အချိန်တိတိမှာတော့ အတန်းထဲမှာ စာမပြနေဘူး။။ ရုံးထဲမှာပဲ ထိုင်နေတယ်။ အဲ့တာကြားတော့ ချက်ခြင်း အောက်ကိုဆင်းသွားပြီးတော့ အခြားစာပြနေတဲ့ ဆရာတယောက်ကို တံခါးဖွင့်ပြီး ချက်ခြင်း ဝင်ပြောလိုက်တယ်။ ကျောင်းသားတွေ ကို၊ ကျောင်းသားတွေကလည်း အဲ့ဒီ့အချိန်မှာ ၈ယောက်၊ ၉ယောက်လောက်ပဲ ရှိတယ်။ အဲ့ဒီ့မှာ။ ကနေဒီကို သတ်လိုက်ပြီဆိုတော့ ဟိုကောင်တွေက မယုံဘူး။ ကျောင်းသားတွေက ၊ မင်းနောက်နေတာလားတဲ့။ သေချာသလားတဲ့။ မင်းတို့ ပြူတင်းပေါက် ဖွင့်လိုက်ရင် ကြားလိုက်မယ်လို့ ရေဒီယိုမှာ။ ရေဒီယိုမှာ တချိန်လုံး ထပ်ခါ ထပ်ခါ၊ ပြောနေတယ်။ President Kennedy has been shot in Dallas ဆိုတာ။ အဲ့တာ မှတ်မိတယ်။

ကိုသားညွန့်ဦး။ ။ " အမေရိကန်နိုင်ငံမှာရော ဒီလုပ်ကြံခံလိုက်ရတဲ့ ဂယက်ပေါ့။ ဘယ်လောက်အထိ ကြီးကြီးမားမားဖြစ်ခဲ့သလဲ၊ အန်ကယ်လ် မှတ်မိသလောက်ပေါ့။ "

" တော်တော်ကို ကြီးမားတယ်။ မထင်ဘူး။ ဒီတိုင်းပြည်မှာ ဒီလိုမျိုး ဖြစ်နိုင်တယ် ဆိုတာလေ။ တခြားမှာဖြစ်တာတွေတော့ ကြားဖူးတယ်။ အန်ကယ်လ် လည်း တော်တော် စိတ်ကျသွားတယ်။ ဝမ်းနည်းသွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သမ္မတ ကနေဒီကို သိပ်နှမျောတာ။ စိတ်လည်းမကောင်းဘူး။ ဘာများဖြစ်မလဲပေါ့။ လူတွေက ရီပတ်ပလင်ကန်ပဲဖြစ်ဖြစ်၊ ဒီမိုကရက်ပဲဖြစ်ဖြစ်ပေါ့။ သူတို့သမ္မတပေါ့လေ။ ဒီလိုဖြစ်တယ်ဆိုတော့ အံ့လည်းသြကြတယ်။ စိတ်လည်းမကောင်းကြဘူးပေါ့။"

ကိုသားညွန့်ဦး။ ။ " အဲ့ဒီ့အချိန်တုန်းက စစ်အေးကာလမှာ တော်တော်လေး အမြင့်ဆုံး ကာလဖြစ်တဲ့အခါကျတော့ သမ္မတကနေဒီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ထင်ယောင်ထင်မှားဖြစ်မှုတွေရော ရှိပါသလား။"

" အဲ့ဒီ့တုန်းက တီဗွီတို့၊ ရေဒီယိုတို့က ပြောကြတာပဲ။ အန်ကယ်လ်ကြားတုန်း ကတော့ Oswald ဆိုတဲ့ လုပ်ကြံတဲ့သူကို မမိသေးဘူး။ ဒါပေမဲ့ သူတို့ နောက်မိတော့ တချိန်လုံးထပ်ခါ ထပ်ခါ ပြောတယ်။ မီဒီယာကတော့ ဟိုစုံစမ်း၊ ဒီစုံစမ်းပေါ့လေ။ သူ့မိန်းမ ရုရှဖြစ်နေတော့ ကွန်မြူနစ်ကပဲလုပ်တာလား၊ ရုရှားကပဲ လုပ်တာလား၊ အဲ့တာတွေကလည်း ရှိသေးတယ်။"

ကိုသားညွန့်ဦး။ ။ ကနေဒီရဲ့ သမ္မတသက်တမ်းထဲမှာ လုပ်နိုင်ခဲ့တာ မှတ်မှတ်သားသားဖြစ်မယ်ဆိုရင် အမေရိကန်နိုင်ငံအတွက်ပဲဖြစ်ဖြစ် ၊ ကမ္ဘာအတွက်ဖြစ်စေပါ။ မှတ်မှတ်သားသား အန်ကယ်လ် ဘာများ ရှိပါသလဲခင်ဗျ။

"သမ္မတကနေဒီက တော်တော်ကို သူပြောတဲ့စကားတွေက တော်တော့်ကို နားထောင်လို့ကောင်းတယ်။ မှတ်မှတ်သားသားရှိတာ သူ့ကို လုပ်ကြံမှုမခံရခင် အမေရိကန်တက္ကသိုလ်မှာပြောတယ်။ " Ask not what your country can do for you" အဲ့ဒီ့စကားလုံးဟာ ခေါင်းထဲကို တခါတည်းဝင်သွားတယ်။ မင်းတိုင်းပြည်က မင်းအတွက် ဘာလုပ်ပေးနိုင်မလဲလို့ မမေးနဲ့၊ မင်းက မင်းတိုင်းပြည်ကို ဘာလုပ်ပေးနိုင်မလဲ မေးပါတဲ့။ အဲ့ဒီ့စကားက တော်တော့်ကို လေးနက်တဲ့ အဓိပ္ပါယ်ရှိတယ်။ အဲ့စကား အန်ကယ်လ်မှာတောင် ရှိသေးတယ်။ အမေရိကန်တက္ကသိုလ်မှာ ပြောတဲ့စကား၊ အဲ့တာ သူနောက်ဆုံးစကားဖြစ်မယ်ထင်တယ်။ လူထုကိုလေ။ အဲ့တာပြီးတော့ အန်ကယ်လ်တချိန်လုံး TV ကြည့်နေတာ၊ အသုဘကို အာလင်တန်သင်္ချိုင်းကို မြှုပ်တယ်။ အဲ့တာ အကုန်လုံးမြင် လိုက်တယ်။ နောက်ပြီးတော့ Oswald သေနတ်နဲ့ပစ်တာလည်း အဲ့တာလည်း အန်ကယ်လ်မြင်လိုက်တယ်။ အဲ့တော့ TV က အဲ့ဒီ့မှာ သူ့ကို ထောင်ထဲကို နေရာရွှေ့နေတယ်။ အဲ့ကောင်ကို ချလိုက်တာ။ အန်ကယ်လ်စဉ်းစားတာ။ ဒီ့လောက်အရေးကြီးတဲ့ သမ္မတကနေဒီကို လုပ်ကြံတဲ့ ကောင်ကို သူတို့ မကာကွယ်နိုင်ဘူးလား။ အန်ကယ်လ် လည်း ဒေါသထွက်တယ် သိလား အဲ့တုန်းက။

ကိုသားညွန့်ဦး။ ။ "အဲ့တော့ သမ္မတကနေဒီကို လုပ်ကြံတဲ့သူကို ပြန်ပြီးတော့ လုပ်ကြံတာပေါ့နော်။ "

"ဟုတ်တာပေါ့ အဲ့တာ TVကနေ မျက်စိကို မလွတ်တော့ဘူး။ တချိန်လုံးကြည့်နေတာ။ အဲ့တုန်းက Monterey မှာThanks giving weekend ထင်တယ်။ "

အဲ့ဒီ့အချိန်တုန်းက အမေရိကန်ပြည်ထောင်စု မှာ ရောက်ရှိနေထိုင်နေပြီဖြစ် တဲ့ ဒေါက်တာကျော်ဝင်းရဲ့ ပြန်ပြောင်းပြောပြချက်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG