သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျင်မ်ဝက်ဘ် လာမည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် မသိ


အမေရိကန် အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် (Jim Webb) ဟာ မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါပြီ။ သူ့ရဲ့ခရီးစဉ် ရွှေ့ဆိုင်းကြောင်း မကြေညာခင်ကတော့ မစ္စတာဝက်ဘ်ဟာ မြန်မာနိုင်ငံကို ရောက်ရှိရင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ မသိကြောင်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ညနေပိုင်းမှာပဲ တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ဘာတွေများ ပြောသွားပါသလဲ၊ ဂျင်မ်ဝက်ဘ် ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ဟာ အစောပိုင်းတုန်းကတော့ အခုသီတင်းပတ် ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားခဲ့တာပါ။ သူ မြန်မာနိုင်ငံကို ရောက်တဲ့အခါ NLD ပါတီက CEC အဖွဲ့ဝင် တချို့နဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားပြီးသား ဖြစ်ပါတယ်။ မစ္စတာဝက်ဘ် သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဖျက်သိမ်းလိုက်တဲ့အကြောင်း သူတို့လည်း မကြာခင်ကပဲ သိရှိခဲ့ရတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အခု ဒီသတင်းကို လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ ကြားတယ်။”

ဦးဉာဏ်ဝင်းဟာ အဲဒီသတင်း မရခင်လေးကပဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။ မစ္စတာဝက်ဘ် မြန်မာနိုင်ငံကို ရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖို့ စီစဉ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် လာတွေ့မယ်ဆိုတာ သူ့ကို အသိပေးထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

“ဒေါ်စုနဲ့ တွေ့တဲ့အချိန်မှာ ကျနော်တို့ မသိပါဘူး။ ဒေါ်စုပြောတာကတော့ သူနဲ့တွေ့ဖို့ကိစ္စကို တစုံတရာ ဆက်သွယ် ပြောကြားတာ မရှိသေးပါဘူးလို့ အဲဒီလို ပြောပါတယ်။ ကျနော်တို့နဲ့တော့ စနေနေ့ ၁ နာရီခွဲ ဆိုပြီးတော့ သံရုံးက Arrange လုပ်ပါတယ်။ စောစောပိုင်းကပေါ့လေ၊ အခုတော့လည်း ဒါ ပျက်သွားပြီပေါ့။”

အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ကတော့ မြန်မာနိုင်ငံက နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားနဲ့ ဆက်စပ်မှု ရှိမရှိဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ ကိစ္စနဲ့ မြောက်ကိုရီးယားက လက်နက်တင်လာတဲ့ သင်္ဘော မြန်မာနိုင်ငံကို သွားတယ်ဆိုတဲ့ သင်္ကာမကင်းဖြစ်စရာ လုပ်ရပ်ဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၈၇၄ ကို စစ်အစိုးရ အနေနဲ့ ချိုးဖောက်ရာ ရောက်တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ရှိနေတာကြောင့် သူ့ခရီးစဉ်ကို ဖျက်လိုက်ရတာလို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဂျင်မ်ဝက်ဘ်ဟာ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာနေတာကြောင့် အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ပိုမိုထိတွေ့ ဆက်ဆံဖို့ လိုတယ်ဆိုတဲ့ အယူအဆနဲ့ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့အပြင် မြန်မာနိုင်ငံကိုပါ သွားရောက်ဖို့ စီစဉ်ခဲ့တာပါ။ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကလည်း တခေါက် သွားရောက် ခဲ့ပြီး ဖြစ်ပါတယ်။

NLD ပါတီရဲ့ ရပ်တည်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျေနပ် အားရတဲ့အကြောင်း သူ့ကို ပြောခဲ့တယ်လို့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“အခု NLD က ဒီလိုဆုံးဖြတ်ပြီး ရပ်တည်နေတာဟာ ပိုပြီးတော့ လွတ်လပ်မှုတောင် ပိုရှိတယ်လို့ သူ ခံစားရတယ်။ နောက်ပြီးတော့ အဖွဲ့ဝင်တွေရော၊ ပြည်သူတွေရော အားပေးမှု ရှိတယ်လို့လည်း ခံစားရတယ်။ နောက်တခုက မြန်မာပြည်မှာ စည်းလုံးညီညွတ်ရေး၊ တိုင်းပြည်ကောင်းစားရေးအတွက် ဆိုရင် တိုင်းရင်းသားဟာ မပါမဖြစ်ဘူး။ အဲတော့ တိုင်းရင်းသား အဖွဲ့အစည်းများကလည်း ကျနော်တို့ရဲ့ လှုပ်ရှားမှုကို ထောက်ခံတယ်လို့ ကြားရတဲ့ အတွက်လည်း ၀မ်းသာတယ်လို့ သူပြောပါတယ်။”

NLD ပါတီဟာ လောလောဆယ်မှာ လူမှုရေး လုပ်ငန်းတွေကိုသာ ဦးဆောင် လုပ်ပေးနေတဲ့ အဖွဲ့အစည်းအဖြစ်နဲ့ ဆက်လက် ရပ်တည် နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံ ဒေသအတော်များများမှာ ရေရှားပါးတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတုန်းကလည်း CEC အဖွဲ့ဝင် ဦးအုန်းကြိုင် ဦးဆောင်တဲ့ အဖွဲ့ဟာ ရန်ကုန်တိုင်းအတွင်း ရေရရှိရေး လုပ်ငန်းတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်။ အခုတော့ ရန်ကုန်တိုင်းအတွင်း အထိုက်အလျောက် အဆင်ပြေလာပြီ ဖြစ်တဲ့အတွက် တခြားဒေသတွေက အကူအညီပေးဖို့ ဆက်သွယ် လာတာတွေကို ကူညီပေးနိုင်ဖို့ ရန်ပုံငွေ စုဆောင်းနေတယ်လို့ ဆိုပါတယ်။ တခြား HIV/AIDS လုပ်ငန်းတွေကိုလည်း အစဉ်တစိုက် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် NLD ခေါင်းဆောင်တချို့ ပါတီက ခွဲထွက်ပြီး သီးခြား ပါတီတခု အဖြစ်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ NDF ပါတီဟာ NLD နဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာကိုလည်း ဦးဉာဏ်ဝင်းက အခုလို ပြန်ပြောပြပါတယ်။

“နောက်တခုက NDF နဲ့ပတ်သက်ပြီး ပြောတာကတော့ NDF ဟာ NLD ရဲ့ အခွဲမဟုတ်ဘူး၊ ညီနောင်ပါတီလည်း မဟုတ်ဘူး၊ ဘာမှ မဆိုင်ဘူး။ NDF ကို ကျန်တဲ့ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်တဲ့ ပါတီများထဲက တခုလို့ပဲ သူမြင်ပါတယ်။ အဲဒီ ပါတီတွေနဲ့ ပတ်သက်ပြီး လောလောဆယ် Comment ပေးစရာ မရှိပါဘူးလို့ ပြောပါတယ်။”

ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရမယ့် သတ်မှတ်ရက် ကုန်ဆုံးတဲ့ တချိန်တည်းမှာပဲ NLD ခေါင်းဆောင်ဟောင်း တချို့ဟာ ပါတီကခွဲထွက်ပြီး အခုလို NDF ဆိုတဲ့ နာမည်နဲ့ ပါတီသစ်တခု ဖွဲ့စည်း တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG