သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား သံသယကြောင့် မြန်မာနိုင်ငံကို လောလောဆယ် မသွားသင့်


မစ္စတာ ဂျင်မ်ဝက်ဘ် (Jim Webb) ရဲ့ ခရီးစဉ် ဖျက်သိမ်းတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ရောက်ရှိနေတုန်း မစ္စတာဝက်ဘ်က ဘန်ကောက်မြို့မှာ ဒီနေ့ ညနေမှာပဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့ အကြောင်းအရာတွေကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် အနေနဲ့ မနက်ဖြန် မြန်မာနိုင်ငံကိုသွားမယ့် ခရီးစဉ်ကို ရုတ်တရက်ဆိုသလို ဆိုင်းငံ့လိုက်တာပါ။ အဓိကအချက်ကတော့ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ နျူကလီးယား လုပ်ငန်းပိုင်းဆိုင်ရာ ဆက်ဆံမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်လာတာကြောင့် သူ့အနေနဲ့ ဒီအချိန်မှာ သွားဖို့ မသင့်လျော်ဘူးဆိုပြီး သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

“အခုအချိန်မှာ ကျနော့်အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ မသင့်လျော်ပါဘူး။ မြန်မာနိုင်ငံကို ကျနော် သွားခြင်းအားဖြင့် အဲဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောဆိုရာမှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီကိစ္စတွေ ဟုတ်မဟုတ် ဆိုတာ ကျနော်လည်း အတိအကျ မသိပါဘူး။”

မစ္စတာဂျင်မ်ဝက်ဘ် အနေနဲ့ သူထောက်ပြတဲ့အထဲမှာ မကြာခင်က မြန်မာနိုင်ငံကို သွားခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) ကနေ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားကိစ္စမှာ ဆက်ဆံမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို တချက် ထောက်ပြပါတယ်။ နောက်တချက်က အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြတဲ့ အထောက်အထား တရပ်ကို သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

“အယ်လ်ဂျာဇီးယား သတင်းဌာနမှာ ဖော်ပြချက် တရပ်မှာတော့ မြန်မာစစ်အစိုးရဘက်က အရာရှိဟောင်း တဦးကနေ မြန်မာအစိုးရ အနေနဲ့ နျူကလီးယား လုပ်နေတယ်ဆိုတဲ့ အထောက်အထား၊ စာရွက်စာတမ်းတွေနဲ့ ပြသ ပြောဆိုထားပါတယ်။ ဒီကိစ္စက ဘယ်လောက် မှန်ကန်မလဲ ဆိုတာတော့ ကျနော် မသိပါဘူး။ ဒါပေမဲ့ အခုလိုမျိုး မြန်မာအစိုးရ အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား လုပ်ငန်းတွေနဲ့ ပတ်သက်နေတယ် ဆိုတဲ့ ဒီစွပ်စွဲချက် ၂ ရပ် အပေါ်မှာတော့ ပြန်ပြီးတော့ ဆွေးနွေးဖြေရှင်းရမှာ ဖြစ်ပါတယ်။”

ဒါကြောင့်လည်း သူ့အနေနဲ့ ဒီခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာနဲ့ ဆွေးနွေးပြောဆိုရာမှာ သူရှိနေခြင်းအားဖြင့်၊ သူသွားရောက်ခြင်းအားဖြင့် ဘာမှ အကျိုးမရှိနိုင်ဘူးဆိုပြီး မစ္စတာ ဂျင်မ်ဝက်ဘ်က အကြောင်းပြခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ နျူကလီးယား လုပ်ငန်းတွေ လုပ်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာကနေ ပြင်းပြင်းထန်ထန် အရေးယူထားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်မှာတော့ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ တခြား နျူကလီးယားနဲ့ ဒုံးလက်နက်ဆိုင်ရာ နည်းပညာတွေ၊ ပစ္စည်းတွေကို အခြားနိုင်ငံတွေကို သယ်ယူပို့ဆောင်တာ၊ ဆက်စပ်တာတွေ မှန်သမျှကို ပိတ်ပင်ရေးဆိုတဲ့ ဆုံးဖြတ်ချက် ပါရှိပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့ဲ့တဲ့ မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်ရဲ့ ခရီးစဉ်အတွင်းမှာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အရိပ်အမြွက် ပြောခဲ့ပါတယ်။ မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်က မြန်မာနိုင်ငံ အနေနဲ့ ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားဆိုင်ရာ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ဆိုပြီး တောင်းဆိုခဲ့တာ ရှိပါတယ်။

XS
SM
MD
LG