သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားကိစ္စ ရှင်းရှင်းလင်းလင်းသိမှ မြန်မာ့အရေး အမေရိကန် ရှေ့တိုးဆောင်ရွက်သင့်


အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်။
အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ မရှိသေးတဲ့အကြောင်းနဲ့ နျူကလီးယား အရေးကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိမှသာ မြန်မာ့အရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အကြောင်းတွေကို အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် (Jim Webb) က ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ ပြောကြားချက်တွေကို အမေရိကန် အစိုးရအနေနဲ့ သေသေချာချာ စုံစမ်း ဖော်ထုတ် လုပ်ဆောင်သွားဖို့ တင်ပြထားတဲ့ အကြောင်းကိုလည်း သူက ပြောဆိုခဲ့ပါတယ်။ ဇွန်လ ၉ ရက်နေ့ အထက်လွှတ်တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ အာရှအဖွဲ့ရဲ့ ဆွေးနွေးပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ မညိုညိုလွင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြင်လာရပေမဲ့ အပြည့်အ၀ ပြောင်းလဲတာမျိုး မဟုတ်တဲ့အကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ပြောဆိုလိုက်တာပါ။ ဒါပေမဲ့ တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်နေတဲ့ အစိုးရ အနေနဲ့ အတိုက်အခံတွေကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုပြီး အမတ်နေရာတွေအတွက် လမ်းဖွင့်ပေးတာကတော့ ကောင်းတဲ့သင်္ကေတ တခုပဲလို့ သူက ဆိုပါတယ်။

“တရုတ်တို့၊ ဗီယက်နမ်တို့မှာ ရွေးကောက်ပွဲဆိုတာ မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ အခုမြင်တွေ့နေရတဲ့ ပြောင်းလဲမှုမျိုးကို အခွင့်အလမ်းကောင်း တခုအဖြစ် အသုံးချနိုင်ပါတယ်။”

၂ ရက်ကြာ ကျင်းပခဲ့တဲ့ အမေရိကန် ဆီးနိတ် အထက်လွှတ်တော်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အာရှအဖွဲ့ အစည်းအဝေး ညီလာခံမှာ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ရှင်းပြသွားတာ ဖြစ်ပါတယ်။

စစ်အစိုးရရဲ့ ရွေးကောက်ပွဲမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မပါဝင်နိုင်တဲ့အတွက် လွတ်လပ်ပြီး တရားမျှတတယ်လို့ ယူဆနိုင်ပါ့မလားလို့ မေးမြန်းတဲ့ အပေါ်မှာတော့…

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နှစ်ခြမ်းဖြစ်နေပါပြီ။ ခွဲထွက်သွားသူတွေက ရွေးကောက်ပွဲမှာ ပါဝင်နိုင်အောင် မှတ်ပုံတင်ပြီးပါပြီ။ တချို့ကလည်း ရွေးကောက်ပွဲကို မဝင်ပါဘူး။ ဒီအနေအထားမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မပါဝင်နိုင်ဘဲ ဖြစ်နေရတဲ့ အခြေအနေတွေကို ကျနော် နားလည် စာနာမိပါတယ်။ ဒါကြောင့် သူမ ပါဝင်လာနိုင်အောင် အကျယ်ချုပ်က လွတ်ဖို့လည်း လိုနေပါတယ်။” လို့ ပြောသွားပါတယ်။

အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က သူ့အနေနဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ရုတ်တရက် ရွှေ့ဆိုင်းလိုက်ရတာဟာ မြောက်ကိုရီးယားနဲ့ နျူကလီးယား အရေးကိစ္စကြောင့် ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဌာနကနေ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သိထားမှသာ မြန်မာ့အရေးကို ဆောင်ရွက်နိုင်မယ်လို့လည်း ဆိုပါတယ်။ ဒီအတွက် အမေရိကန် အထူးသံတမန်အဖြစ် ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဲရစ် ဂျွန် (Eric John) ကို ခန့်အပ်နိုင်ဖို့ အဆိုပြုခဲ့တဲ့ အပေါ်မှာ ရှင်းပြတာကတော့…

“အဲရစ် ဂျွန် အနေနဲ့ အစွမ်းကုန် ဆောင်ရွက်နိုင်မယ်လို့ ကျနော် ယူဆပါတယ်။ သူက ဒီဒေသတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ အများကြီး ရှိထားပါတယ်။ မြောက်ကိုရီးယားလို အစိုးရမျိုးနဲ့တောင် ညှိနှိုင်း ဆွေးနွေးနိုင်သူဖြစ်လို့ မြန်မာပြည်အတွက် အကောင်းဆုံး ဆောင်ရွက်သွားမယ့် လူလို့ မြင်ပါတယ်။”

မြန်မာ့အရေးမှာ အမေရိကန် အစိုးရ အနေနဲ့ အတတ်နိုင်ဆုံး အပြုသဘောထားပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်သွားမှသာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကနေ ကာကွယ်နိုင်ပြီး အရှေ့တောင်အာရှနဲ့ ကျွန်းဆွယ်ဒေသတွေမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍက နေရာရနိုင်မှာ ဖြစ်တယ်လို့လည်း အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ပြောဆိုခဲ့ပါသေးတယ်။

အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဲရစ် ဂျွန်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖို့ တိုက်တွန်းလိုက်တဲ့ အပေါ်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ဖို့ ရှိပေမဲ့လည်း ဘယ်သူ့ကို ခန့်အပ်မယ် ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

XS
SM
MD
LG