သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Jimmy Carter ကင်ဆာရောဂါဖြစ်


အသည်းခွဲစိတ် ကုသမှုခံယူစဉ်အတွင်း သူ့မှာ ကင်ဆာရောဂါ ရှိနေတယ်ဆိုတာကို တွေ့ရှိခဲ့ကြောင်း အမေရိကန် သမ္မတဟောင်း Jimmy Carter က ပြောပါတယ်။

သူ့မှာ ကင်ဆာရောဂါ ရှိတယ်ဆိုတာ စစ်ဆေး တွေ့ရှိခဲ့တဲ့ အကြောင်းကိုတော့ အသက် ၉၀ အရွယ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း Carter က ကြေညာချက် အတိုလေး ထုတ်ပြန်ပြီး ပြောကြားလိုက်တာပါ။ အခုတွေ့တဲ့ ကင်ဆာဟာ ဘယ်လို ကင်ဆာမျိုး ဖြစ်တယ်ဆိုတာ ထုတ်ဖော် ပြောဆိုခြင်းမရှိပဲ ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းမှာ ဖြစ်တာလို့သာ ဖော်ပြထားပါတယ်။

အသေးစိတ် အချက်အလက်တွေ သိရတဲ့အခါ အပြည့်အစုံကို အများပြည်သူ သိရအောင် ထုတ်ပြန်သွားမှာဖြစ်ပြီး အဲဒါဟာ ရှေ့သီတင်းပတ်လောက်မှာ ဖြစ်နိုင်ခြေရှိကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၃၉ ယောက်မြောက် သမ္မတဟောင်း မစ္စတာ Carter ဟာ အမေရိကန်နိုင်ငံ တောင်ပိုင်း Atlanta မြို့က Emory ဆေးရုံမှာ ကျန်းမာရေးကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။

သမ္မတဟောင်း Carter ဟာ သြဂုတ်လ ၃ ရက်နေ့က အသည်းခွဲစိတ်ကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ သူ့သဘောနဲ့သူ ခွဲစိတ် ကုသမှုခံယူခဲ့ခြင်း ဖြစ်ကြောင်းနဲ့ သူ့ရဲ့ ကျန်းမာရေး အလားအလာဟာ ကောင်းမွန်ကြောင်း Carter Center ရဲ့ ပြောခွင့်ရ အမျိုးသမီး Deanna Conglileo က ပြောပါတယ်။ တခြား မေးခွန်းတွေကို ဖြေဆိုဖို့တော့ ပြောခွင့်ရ အမျိုးသမီးက ငြင်းဆိုခဲ့ပါတယ်။

ရာထူးက အနားယူလိုက်တဲ့ ၁၉၈၁ ခုနှစ်ကစလို့ သမ္မတဟောင်း Carter ဟာ Carter Foundation ကို ဖွဲ့စည်းပြီး ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကိစ္စတွေနဲ့ ကမ္ဘာတဝှမ်း ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ကမ္ဘာ့နိုင်ငံ အတော်များများကို သွားရောက် ဆောင်ရွက်နေသူ တဦးဖြစ်ပါတယ်။

XS
SM
MD
LG