သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီရေး မြန်မာအစိုးရကို သြစတြေးလျ တွန်းအားပေးမည်


သြစတြေးလျနိုင်ငံ၊ ဆဒ္ဒနီမြို့မှာ မြန်မာမိသားစုတွေနဲ့ ၈၈ မျိုးဆက်တို့ တွေ့ဆုံပွဲ။ (ဂျွန် ၂၂၊ ၂၀၁၄)
သြစတြေးလျနိုင်ငံ၊ ဆဒ္ဒနီမြို့မှာ မြန်မာမိသားစုတွေနဲ့ ၈၈ မျိုးဆက်တို့ တွေ့ဆုံပွဲ။ (ဂျွန် ၂၂၊ ၂၀၁၄)
သြစတေးလျနိုင်ငံကို ရောက်နေကြတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ခရီးစဉ်နောက်ဆုံးနေ့အဖြစ်နဲ့ ပါသ့်မြို့က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးအပေါ် နှစ်ဘက် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ မကြာခင် မြန်မာနိုင်ငံခရီး စတင်တော့မယ့် သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးတာမှာတော့ မြန်မာ့ ဒီမိုကရေစီအရေး မြန်မာအစိုးရကို တွန်းအားပေးသွားမယ်လို့ ကတိပေးခဲ့တဲ့အကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မသိင်္ဂ ီထိုက်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

သြစတေးလျနိုင်ငံကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့ ခရီးစဉ် နောက်ဆုံးနေ့ဒီကနေ့မှာတော့ ပါသ့်မြို့က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပြီး မြန်မာ့ ဒီမိုကရေစီ အရေးဆွေးနွေးခဲ့ကြပါတယ်။ ခရီးစဉ်အတွင်း သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှုကနေ မြန်မာ့ဒီမိုကရေစီရေးအတွက် သြစတေးလျက မြန်မာအစိုးရကို တွန်းအားပေးမယ်ဆိုတဲ့ ကတိကဝတ်ရရှိခဲ့တယ်လို့ တွေ့ဆုံဆွေးနွေးခဲ့သူတဦးဖြစ်တဲ့ကိုဂျင်မီက အခုလို ဆိုပါတယ်။

“အဓိက ကတော့ နိုင်ငံခြားရေးဝန်ကြီးက မကြာခင်မှာ ဗမာပြည်ကို သူသွားပါလိမ့်မယ်။ သူမသွားခင်မှာ အစိုးရကလည်း အသစ်ဖြစ်တဲ့အခါကျတော့ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေကို သူသိချင်တာပါ။ သိချင်တဲ့အတွက် သူတို့ဘက်ကလည်း မေးခွန်းထုတ်တာတွေ ရှိပါတယ်။

"ကျနော်တို့ဘက်ကလည်း အကြံပြုတာတွေ ရှိပါတယ်။ အဓိက ကတော့ သြစတြေးလျနိုင်ငံအနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ အမြဲမပြတ် ထောက်ခံနေတဲ့ နိုင်ငံတစ်ခု၊ ကျနော်တို့ရဲ့ ရင်းနှီးတဲ့မိတ်ဆွေနိုင်ငံတခုဖြစ်တယ်၊ အလားတူပဲ သြစတြေးလျမှာရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ အပါအဝင် မြန်မာနိုင်ငံသားတွေကို အထူးတလည် စောင့်ရှောက်ထားတာကို ကျနော်တို့က ကျေးဇူးတင်တဲ့အကြောင်း၊ နောင်ကိုလည်း ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ သြစတြေးလျက ဒီမိုကရေစီဘက်တော်သားတွေဘက်ကနေပြီးတော့ အရင်လိုပဲ အင်နဲ့အားနဲ့ ထောက်ခံသွားဖို့ ကျနော်တို့က တိုက်တွန်းပါတယ်။

"သြစတြေးလျအစိုးရဘက်ကလည်း မြန်မာပြည်အရေးအတွက် ကျနော်တို့နဲ့အတူ အမြဲတမ်းရှိနေမယ်ဆိုတဲ့အကြောင်းပေါ့၊ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ပညာရေး၊ ကျန်းမာရေး ကိစ္စတွေမှာ ပါဝင်မယ်ဆိုတဲ့အကြောင်းပေါ့။ နောက် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ပြီးလည်း လေ့လာပြီးမှ ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းတွေလည်း ပြောပါတယ်။ ဗမာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ မြန်မာအစိုးရအနေနဲ့ ပိုပြီး လုပ်ဆောင်သွားနိုင်ဖို့အတွက် သြတြေးလျအစိုးရအနေနဲ့ တိုက်တွန်းမယ်ဆိုတဲ့အကြောင်းကိုလည်း ပြောပါတယ်။”

သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့ပါ မြန်မာ့ ဒီမိုကရေစီ အရေး ဆွေးနွေးနိုင်ခဲ့တာမို့ ဒီခရီးစဉ်က အကျိုးရှိတဲ့ ခရီးစဉ်ဖြစ်ပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ဟုတ်ကဲ့၊ ကျနော်တို့ကတော့ သြစတြေးလျအစိုးရအဆက်ဆက်က ကျနော်တို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိပါတယ်။ သြစတြေးလျအစိုးရက မူဝါဒတခုခု ချမှတ်မယ်ဆိုလို့ရှိရင်ပဲဖြစ်ဖြစ်၊ တခုခုကို သြစတြေးလျအစိုးရအနေနဲ့ ဆုံးဖြတ်ချင်တာပဲဖြစ်ဖြစ်၊ ကျနော်တို့နဲ့ အမြဲတမ်းတွေ့ဆုံဆွေးနွေးပြီးတော့ အကြံဉာဏ်ယူတာ ရှိပါတယ်။ ဒါကတော့ အဆက်ဆက်ပါ။ အခုကတော့ နိုင်ငံခြားရေးဝန်ကြီးနဲ့ သူ့နိုင်ငံမှာ လာပြီး တိုက်ရိုက်တွေ့ခွင့်ရတယ်၊ ပြောဆိုခွင့်ရတဲ့အတွက် အလားတူပဲ ကျနော်တို့က အစိုးရတင်မဟုတ်ဘဲ ပါလီမန်ဘက်က ကိုယ်စားလှယ်တွေကိုလည်း ကျနော်တို့ရဲ့အမြင်တွေကို တင်ပြခွင့်ရတဲ့အတွက် ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေနဲ့ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေအတွက် အရင်ကထက် ပိုပြီးတော့ အထူးဖြစ်ထွန်းမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဒါ့အပြင် ခရီးစဉ် အတွင်း ဆစ်ဒနီနဲ့ ပါသ့်မြို့တို့က မြန်မာ မိသားစုတို့နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေ တရပ်ကိုလည်း အဖြေရှားခဲ့တယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ ရလဒ်သုံးခု ထွက်တယ်ပေါ့ဗျာ။ နံပါတ် ၁ က နှစ်ပေါင်း ၂၀ ကျော် ကင်းကွာနေတဲ့ ကျနော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြန်ပြီး ဆုံဆည်းခွင့်ရတယ်။

"ဒုတိယတချက်ကတော့ ကျနော်တို့ ရောက်တဲ့မြို့တိုင်းမှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံတဲ့အခါမှာ အားလုံးမှာ ဒီမိုကရေစီရရှိရေးအတွက် စိတ်အားထက်သန်နေတယ်ဆိုတဲ့ အချက်ကို ကျနော်တို့ တွေ့ရတယ်။ အဲဒီ စိတ်အားထက်သန်မှုနဲ့အတူ သူတို့ ဘယ်နေရာကနေ ဘယ်လို ပူးပေါင်းပါဝင်နိုင်ရမလဲဆိုတဲ့ သူတို့ရဲ့ဆန္ဒတွေကိုလည်း ကျနော်တို့ တခဲနက်မြင်ရတယ်။ ဒီအချက်ကိုလည်း ကျနော်တို့ရပါတယ်။

"တတိယအချက်ကတော့ ရှေ့ဆက်သွားရမယ့် လုပ်ငန်းစဉ်တွေမှာ သြစတြေးလျနိုင်ငံမှာရှိတဲ့ မြန်မာမိသားစု အသိုင်းအဝိုင်းတွေက သေချာ ကွန်ယက်သဖွယ် ချိတ်ဆက်ပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒီမိုကရေစီရရှိရေးအတွက် အင်မတန်အားကောင်းတဲ့ အထောက်အကူမျိုးဖြစ်မယ်ဆိုတဲ့ အဲဒီ အကျိုးအမြတ်ကိုလည်း ကျနော်တို့ မြင်ရပါတယ်။”

၈၈ မျိုးဆက်တို့ရဲ့ အခု သြစတေးလျ ခရီးစဉ်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ ဦးကိုကိုကြီး (စမ်းချောင်း) တို့ ပါဝင်ခဲ့ကြပြီး မနက်ဖြန် ဇွန်လ ၂၃ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။
XS
SM
MD
LG