သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည် အပစ်ရပ်စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းပြီး


ရှမ်းပြည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဖွဲ့ဝင်များ။ ဇန်နဝါရီ ၁၀၊ ၂၀၁၆
ရှမ်းပြည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဖွဲ့ဝင်များ။ ဇန်နဝါရီ ၁၀၊ ၂၀၁၆

ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ပြည်နယ်အဆင့်ကော်မတီ JMC ကို စနေနေ့က ဖွဲ့စည်း လိုက်ပါပြီ။ အစိုးရ စစ်ဘက်ခေါင်းဆောင်တွေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် ပြည်နယ်အဆင့် JMC ကို ဖွဲ့ စည်းလိုက်တာပါ။ ဒါကြောင့် အောက်ခြေတပ်ဖွဲ့တွေအကြား ပစ်ခတ်တိုက်ခိုက်တာတွေကို လျှော့ချနိုင်မယ်လို့ ပါဝင်တဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။ ဒါပေမဲ့လည်း အခု JMC ဟာ NCA ကို လက်မှတ်ထိုးမထားတဲ့ တခြား အဖွဲ့တွေနဲ့တော့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်ဒေသဘက်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေလျှော့ချနိုင်ရေးအတွက် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကို ဖွဲ့စည်းလိုက်ပြီးဖြစ်ပါတယ်။

ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကို ဖွဲ့စည်းလိုက်ခြင်းအားဖြင့် အောက်ခြေတပ်ဖွဲ့တွေအကြား ပစ်ခတ်တိုက်ခိုက်မှုကို လျော့ချနိုင်လိမ့်မယ်လို့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ဒုတိယဗိုလ်မှူးကြီး ခွန်အောင်ပန်းက အခုလိုပြောပါတယ်။

“ကျနော်တို့ JMC ကို Union level ဖွဲ့စည်းပြီးတော့ နောက် level တွေကို တခုပြီးတခုဖွဲ့တဲ့ လုပ်ငန်းစဉ်ပါပဲ။ JMC ကို ပြည်နယ်အဆင့်ဖွဲ့စည်းလိုက်ခြင်းအားဖြင့် အဓိကကတော့ အောက်ခြေတပ်မှူးတွေနဲ့ ထိတွေ့မှုတွေ ပိုများလာမယ်။ နောက်ပြီးတော့ ပြဿနာဖြစ်တာနဲ့ ချက်ချင်း ဖြေရှင်းနိုင်မယ့်အနေအထားတွေအများကြီးရှိပါတယ်။ အဓိကကတော့ ကျနော်တို့ အောက်ခြေတပ်မှူးတွေ အချင်းချင်းတွေ့ကြတဲ့အခါမှာ ရင်းနီးမှှုတွေ၊ နားလည်မှုတွေ ရနိုင်လာတာပေါ့။ အဲဒီကနေတဆင့် ကျနော်တို့ တိုက်ပွဲတွေမဖြစ်အောင်အများကြီး လျှော့ချနိုင်တာပေါ့ဗျာ။”

ရှမ်းပြည်နယ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ဖွဲ့စည်းရာမှာ အရှေ့အလယ်ပိုင်း တိုင်းမှူးက ကော်မီတီဥက္ကဌ၊ တောင်ပိုင်းရှမ်းပြည်တပ်မတော်က ဗိုလ်မှူးကြီးစိုင်းအောင်မြတ်က ဒုဥက္ကဌ၊ အတွင်းရေးမှူးအဖြစ် ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ဗိုလ်မှူးကြီး ခွန်စွဲထိုအပါအဝင် ရှမ်းပြည်နယ်ရဲမှူးတို့နဲ့ ပါဝင်ဖွဲ့စည်းခဲ့ပါတယ်။

ပြည်နယ်အဆင့် JMC အစည်းအဝေးကို လွယ်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့ရှိ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တိုင်းရုံးမှာကျင်းပခဲ့တာဖြစ်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဌ မြန်မာ့တပ်မတော် အမှတ် ၂ အထူးစစ်ဆင်ရေးတပ်ဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဒုဥက္ကဌ KNU ကရင်အမျိုးသားအစည်းအရုံးက စောအိုင်းဇက်ဖိုးအပါအဝင် ဒေသခံ အာဏာပိုင်တွေနဲ့ NCA လက်မှတ်ရေးထိုးခဲ့တဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO အဖွဲ့တို့ကနေ စနေနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်နယ်အဆင့် JMC ကော်မီတီကိုဖွဲ့စည်းခဲ့တာပါ။

ရှမ်းပြည်နယ်အဆင့်ဖွဲ့စည်းထားတဲ့ JMC ကော်မတီဟာ NCA အပစ်ရပ်စာချုပ်လက်မှတ် ရေးထိုးမထားတဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ အကျုံးမဝင်ဘူးလို့ ဒုတိယဗိုလ်မှူးကြီး ခွန်အောင်ပန်းက အခုလိုပြောပါတယ်။

“အကျုံးမဝင်သေးပါဘူးခင်ဗျာ။ အဓိကကတော့ ဒီ NCA ထိုးပြီးသား အဖွဲ့တွေနဲ့ပဲ အကျုံးဝင်ပါတယ်ခင်ဗျာ။ ဒီပါဝင်ဖွဲ့စည်းတဲ့နေရာမှာလည်း အဓိကကတော့ NCA ထိုးပြီးသားအဖွဲ့တွေပဲ ပါဝင်ပါတယ်ခင်ဗျာ။ နောက်ပိုင်းကတော့ တကယ်လို့ ထိုးတဲ့အဖွဲ့တွေ ထပ်ရှိလာတယ် တိုးလာမယ်ဆိုရင်တော့ ဒီ NCA ကော်မတီကလည်း ထပ်ပြီးတော့မှ တိုးချဲ့မယ့် အစီအစဉ်တွေရှိပါတယ်။”

လက်ရှိဖွဲ့စည်းလိုက်တဲ့ ပြည်နယ်အဆင့် JMC ကော်မတီဟာ မြန်မာ့တပ်မတော်နဲ့ NCA အပစ်ရပ်အဖွဲ့ဖြစ်တဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်နဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကိုပဲ စောင့်ကြည့်သွားမှာဖြစ်ပြီး NCA အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးနိုင်သေးတဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့၊ တအာင်းပလောင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့တို့နဲ့ အကျုံးဝင်မှုမရှိဘူးလို့ သူကဆိုပါတယ်။

လက်ရှိရှမ်းပြည်နယ်အတွင်းမှာKIO ကချင်လွတ်လပ်ရေးအဖွဲ့၊ တအာင်းပလောင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့တို့နဲ့ မြန်မာ့တပ်မတော်တို့အကြားမှာ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ စနေနေ့ကပဲ ရှမ်းပြည်နယ် နမ့်ဆမ်မြို့နယ် ထဲမှာ မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်လွတ်မြောက်ရေးအဖွဲ့တို့ တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့ပါတယ်။

ဒီလိုအခြေအနေမျိုးမှာပဲ လာမယ့် ဇန်နဝါရီ ၁၂ ရက်နေပမှာ NCA သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ လက်နက်ကိုင် ၈ ဖွဲ့ကိုအခြေခံပြီး တပ်မတော်ကိုယ်စားလှယ်၊ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေး ပါတီကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC တို့ကနေ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကျင်းပသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG