စစ်အစိုးရလက်အောက် မြန်မာအမျိုးသမီးတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်တာမျိုး မရှိဘူးလို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီ ဝီလီယမ်စ် (Jody Williams) က ပြောကြားလိုက်ပါတယ်။ မြန်မာအမျိုးသမီးတွေ ဖိနှိပ်ချုပ်ချယ် ခံနေရတာကို ကမ္ဘာက သိလာအောင်နဲ့ အဲဒီလို အခွင့်အရေး ချိုးဖောက်နေတဲ့ စစ်ခေါင်းဆောင်တွေကို ဥပဒေ နည်းလမ်းအရ အရေးယူနိုင်အောင် ဦးဆောင် လှုပ်ရှားနေတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးများအဖွဲ့က တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ဂျိုဒီ ဝီလီယမ်စ်က ဘန်ကောက်မြို့ နိုင်ငံတကာ သတင်းထောက်များအသင်း (FCCT) မှာ ဆွေးနွေးပွဲ ပြုလုပ်ရင်း ပြောကြားသွားတာပါ။ အပြည့်အစုံကို FCCT နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးများအတွက် ပြောင်းလဲမှု ဖော်ဆောင်ပေးခြင်း Bringing the change to the Women of Burma ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီနေ့ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီ ဝီလီယမ်စ်က ဦးဆောင်ပြီး မြန်မာအမျိုးသမီးများ စစ်အစိုးရအောက်မှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့အကြောင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ မတရားသဖြင့် ဖိနှိပ်ခံနေရတာတွေ၊ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို မြင်တွေ့ရတိုင်း သူ့အနေနဲ့ ဒေါသဖြစ်မိတယ်လို့ ဂျိုဒီ ဝီလီယမ်စ်က ပြောပါတယ်။
“ကမ္ဘာတလွှား မတရားမှု ကျူးလွန်နေတာတွေကို မြင်တွေ့ရတိုင်း ဒေါသဖြစ်မိပါတယ်။ မြန်မာနိုင်ငံအတွင်း အမျိုးသမီးတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက ထိထိရောက်ရောက် လုပ်ဆောင်ပေးခြင်း မရှိတဲ့အပေါ်မှာ စိတ်ပျက်မိပါတယ်။” လို့ သူက ပြောသွားပါတယ်။
မကြာခင် ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာလည်း ဘယ်သူနိုင်မယ်ဆိုတာ အဖြေသိပြီးသား ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံတွင်းက အခြေအနေတွေဟာ ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ ဂျိုဒီ ဝီလီယမ်စ်က သုံးသပ်ပါတယ်။
“စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် လွတ်ကောင်း လွတ်လာနိုင်ပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင်လည်း မြန်မာနိုင်ငံ အတွင်းမှာ ဘာမှ ပြောင်းလဲမှု ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ အဲဒီလို ပြောင်းလဲမှု မရှိရင် မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့အစည်းတွေဟာ သူပါဝင်တဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးများ အဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာ့အမျိုးသမီးများ အခွင့်အရေး ရရှိရေးနဲ့ အမျိုးသမီးများ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာတွေ အတွက် ဆက်လက် တိုက်ပွဲဝင်သွားမှာပါ။” လို့ သူက ဆက်ပြောသွားပါတယ်။
ဒီနေ့ အခမ်းအနားမှာ တခြား ဦးဆောင် ဆွေးနွေးသူတယောက် ဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်က သဘာပတိ အဖွဲ့ဝင် မတင်တင်ညိုကလည်း စစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲဟာ အမျိုးသမီး အခွင့်အရေးတွေသာ မက မြန်မာနိုင်ငံတွင်းက ဘယ်လို ပြောင်းလဲမှုမျိုးကိုမှ ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“ကျမတို့ မြန်မာပြည်သူတွေရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေရောက ဒီ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ အပြောင်းအလဲတွေကို သယ်ဆောင်နိုင်မယ့် ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ ကျမတို့ ထောက်ပြချင်တယ်။ အဲဒါ ဘာနဲ့ ထောက်ပြချင်သလဲ ဆိုတော့ ကျမတို့တွေ တောက်လျှောက် စုဆောင်းထားခဲ့တဲ့ မှတ်တမ်းတွေ၊ အမျိုးသမီးတွေ ကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်မှု ပေါင်းစုံနဲ့၊ အဲဒါမျိုးတွေနဲ့ ထောက်ပြပြီး လုပ်ပြချင်တယ်။
“ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် နောက်ဆုံးအဖြေပဲ၊ ဒီမိုကရေစီကို သယ်ဆောင်ပေးမယ့် အဖြေပဲလို့ ထင်သွားမှာ ကျမတို့ စိုးရိမ်တယ်။ အဲဒါကိုလည်း ကျမတို့က အသိအမှတ် မပြုစေချင်ဘူး။ ဒါကြောင့်မို့လည်း ဒီအခမ်းအနားကို ကျမတို့ လုပ်ခြင်းဖြစ်တယ်။”
မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်က သဘာပတိ အဖွဲ့ဝင် မတင်တင်ညို ပြောပြခဲ့တာ ဖြစ်ပါတယ်။
တခြား ပါဝင်ဆွေးနွေးသူ တဦးကတော့ ဓာတ်ပုံဆရာလည်းဖြစ်၊ မြန်မာနိုင်ငံအကြောင်း မှတ်တမ်းတင် ရုပ်ရှင်တွေ ရိုက်ကူးနေတဲ့ ဒါရိုက်တာ တဦးလည်းဖြစ်သူ နစ် ဒန်းလော့လည်း တက်ရောက် ပါဝင် ဆွေးနွေးခဲ့ပါတယ်။ သူရိုက်ကူးထားတဲ့ Burma Soldiers (မြန်မာစစ်သား) ဆိုတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားကို မကြာခင် အမေရိကန်နိုင်ငံက HBO ရုပ်မြင်သံကြား အစီအစဉ်မှာ ပြသမယ်လို့ သိရပါတယ်။