သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အနောက်နဲ့ပဋိပက္ခဖြစ်မှု တရုတ်ရှောင်လွှဲနိုင်” သမ္မတဘိုင်ဒန်


JAPAN-G7-SUMMIT
JAPAN-G7-SUMMIT
တရုတ်နိုင်ငံအနေနဲ့ အနောက်နိုင်ငံတွေနဲ့ ပဋိပက္ခဖြစ်မှုကို ရှောင်လွှဲနိုင်ပါတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ တရုတ်ရဲ့ စစ်ရေးနဲ့စီးပွားရေးခြိမ်းခြောက်မှုတွေကို G 7 စက်မှုထိပ်သီးနိုင်ငံတွေက ပြန်တွန်းလှန်ဖို့ ကြိုးစားနေချိန်မှာပဲ၊ ပဋိပက္ခဖြစ်မှုကို ရှောင်နိုင်တယ်လို့ အမေရိကန်သမ္မတက တရုတ်ကို ဖျောင်းဖျခဲ့တာပါ။
ပဋိပက္ခ ဖြစ်လာလိမ့်မယ်ဆိုတဲ့ကိစ္စကို ရှောင်လွှဲနိုင်တယ်လို့ သူ့အနေနဲ့ထင်မြင်ယူဆတဲ့အကြောင်း သမ္မတ ဘိုင်ဒင် က ဟီရိုရှီးမားမှာ ကျင်းပနေတဲ့ ၃ ရက်ကြာ စက်မှု ထိပ်သီး ညီလာခံ အပိတ် သတင်းစာရှင်းလင်းပွဲမှာ တနင်္ဂနွေနေ့ က ပြောကြားလိုက်တာပါ။ “တရုတ် တစ်နိုင်ငံတည်း မူဝါဒ ကို ဆက်လက် ထိမ်းသိမ်းကြမယ်ဆိုတာ ကျွန်တော်တို့ အားလုံး သဘောတူကြပါတယ်” လို့ မစ္စတာ ဘိုင်ဒင် က ဆိုပါတယ်။
တရုတ်ရော ထိုင်ဝမ်ပါ သူတို့ ဖြစ်ချင်တာ ကို နှစ်ဘက် သဘောတူကြဖို့ လိုပါတယ်လို့လည်း မစ္စတာ ဘိုင်ဒင် က ပြောပါတယ်။ ထိုင်ဝမ် ဟာ သီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာမယ်လို့ အနောက်နိုင်ငံ မဟာမိတ်တွေဘက်က မမျှော်လင့်ဘူးလို့ ပြောကြားပြီး၊ ခွဲထွက်မယ်ဆိုတဲ့ အကြောင်းကြောင့် ထိုင်ဝမ်ကို မကျူး‌ကျော်ဖို့လည်း တရုတ်ကိုသတိပေးလိုက်ပါတယ်။ တကယ်လို့ တရုတ်က တဘက်သတ် လုပ်ဆောင်ခဲ့ရင် တုံ့ပြန်မယ်လို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ထိုင်ဝမ်ဟာ တရုတ်ရဲ့ ထိုင်ဝမ်သာ ဖြစ်တယ်လို့ ထုတ်ပြန်ပြောပါတယ်။ ထိုင်ဝမ်ပြဿနာ ဟာ တရုတ်တွေကပဲ ဖြေရှင်းရမယ့် ပြဿနာသာ ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ချက် မှာ ဆိုပါတယ်။

ဒီ အချိန်မှာပဲ၊ အမေရိကန်က အကြီးဆုံးချစ်ပ် ထုတ်လုပ်ရေး ကုမ္ပဏီ Micron Technology Inc ကနေ ချစ်ပ်တွေကို မဝယ်ယူဖို့ တရုတ်နိုင်ငံတွင်း ကွန်ပျူတာ ပစ္စည်းထုတ်လုပ်သူအားလုံးကို တရုတ်က ပြောလိုက်ပါတယ်။ ဒီ ချစ်ပ်တွေ ဟာ တရုတ်ရဲ့ သတင်းပြန်ကြားရေး အခြေခံအဆောက်အအုံတွေ ရဲ့ ကွန်ယက်ဆိုင်ရာလုံခြုံရေးကို ထိခိုက်စေတယ်လို့ ဆိုပေမဲ့၊ တိတိကျကျ ဘာ ကို ဘယ်လို ထိခိုက်စေတယ်ဆိုတာကိုတော့ မပြောပါဘူး။

ချစ်ပ် ထုတ်လုပ်ရေး နဲ့ လက်နက်ထုတ်လုပ်ရေး မှာ အသုံးချနိုင်တဲ့ အခြား နည်းပညာတွေ ကို တရုတ် က မရရှိနိုင်အောင် ဆောင်ရွက်ကြဖို့ အမေရိကန်၊ ဥရောပနဲ့ ဂျပန်တို့ က သဘောတူထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG