သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု-သမ္မတ ဂျိုးဘိုင်ဒန် ဂျပန်ရောက်


အမေရိကန်ဒု-သမ္မတရဲ့ အာရှခရီးစဉ်အတွင်း ဂျပန်နိုင်ငံ၊ တိုကျိုလေဆိပ်မှာ တွေ့ရစဉ်။ (ဒီဇင်ဘာ ၂၊ ၂၀၁၃)
အမေရိကန်ဒု-သမ္မတရဲ့ အာရှခရီးစဉ်အတွင်း ဂျပန်နိုင်ငံ၊ တိုကျိုလေဆိပ်မှာ တွေ့ရစဉ်။ (ဒီဇင်ဘာ ၂၊ ၂၀၁၃)
တရုတ်နိုင်ငံက အသစ်ကြေညာလိုက်တဲ့ လေကြောင်းကာကွယ်ရေးဇုန်နဲ့ ပတ်သက်ပြီးတော့ တင်းမာမှုတွေဖြစ်နေတဲ့အချိန်မှာ အမေရိကန် ဒု-သမ္မတ ဂျိုးဘိုင်ဒန်ဟာ အာရှ ၃ နိုင်ငံခရီးစဉ်ကိုစတင်ဖို့အတွက် ဂျပန်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။

ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို သွားရောက်မယ့် ဒု-သမ္မတရဲ့ ခရီးစဉ်အတွင်း အမေရိကန်ဟာ ပစိဖိတ်ဒေသမှာ အင်အားကြီး နိုင်ငံဖြစ်တယ်ဆိုတာကို ထပ်လောင်းအတည်ပြုဖို့၊ အမေရိကန်ရဲ့ စီးပွားရေးအကျိုးအမြတ်ကို မြှင့်တင်ဆောင်ရွက်ဖို့နဲ့ ဒေသတွင်းမှာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပြန်ပြီး ချိန်ခွင်လျှာညှိဖို့ဆိုတာကို ပြသဖို့ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒု-သမ္မတ ဂျိုးဘိုင်ဒန်ဟာ တရုတ်နိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ မထွက်ခွာခင်မှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တခြားဂျပန်အစိုးရ တာဝန်ရှိသူတွေကို တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ဒု-သမ္မတဟာ ဘေဂျင်းမြို့မှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တခြားတရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ၂ နိုင်ငံအရေးကိစ္စအတော်များများကို ဆွေးနွေးသွားမှာဖြစ်သလို ဒေသတွင်းတင်းမာမှု အပါအဝင် တခြားစိုးရိမ်စရာ အခြေအနေတွေကိုလည်း ဆွေးနွေးသွားမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

တရုတ် နဲ့ ဂျပန် ၂ နိုင်ငံစလုံးက ပိုင်တယ်လို့ ပြောနေတဲ့ ပစိဖိတ်သမုဒ္ဒရာ အတွင်း ကျွန်းတွေပေါ်မှာ လေကြောင်းကာကွယ်ရေးဇုန်အဖြစ်နဲ့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့လမှာ ကြေညာခဲ့ပါတယ်။ အဲဒီဇုန်အတွင်းက ဖြတ်ပြီး ပျံသန်းမယ့် လေယာဉ်တွေအားလုံးကို သူတို့ရဲ့ လေကြောင်းအစီအစဉ်နဲ့ ပတ်သက်ပြီး တင်ပြဖို့ တရုတ်နိုင်ငံက တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံကတော့ ဒါကို လိုက်နာဖို့ ငြင်းဆန်ခဲ့ပါတယ်။

အမေရိကန်ကတော့ တရုတ်အစိုးရရဲ့ တောင်းဆိုမှုကို လစ်လျှူရှုပြီး အဲဒီဇုန်အတွင်းကို တိုက်လေယာဉ် ၂ စင်း စေလွှတ်ပျံသန်းခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ကုန်သွယ်ရေလေယာဉ်တွေကိုတော့ သူတို့ရဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို အကြောင်းကြားဖို့ အကြံံပြုထားပါတယ်။
XS
SM
MD
LG