သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တဦး ကျွန်းသားတွေသတ်လိုက်တဲ့ကိစ္စ ပညာရှင်တွေအမြင်


အမေရိကန်နိုင်ငံသားတဦးဟာ အိန္ဒိယသမုဒ္ဒရာ ရဲ့ ဝေးလံခေါင်သီတဲ့ ကျွန်းတခုပေါ်က ရှေးဦးနေ ကျွန်းသား တွေရဲ့ လေးမြားနဲ့ ပစ်ခတ်ခံရပြီး ပြီးခဲ့တဲ့စနေနေ့က သေဆုံးသွားခဲ့ပါတယ်။ ကျွန်းသားတွေကို သာသနာပြု ချင်လို့ ရောက်ရှိခဲ့တယ်လို့ယူဆရတဲ့ John Allen Chau ရဲ့စွန့်စားမှုဟာ အန္တရယ်များပြားလှတဲ့အပြင် ဥပဒေနဲ့ ဆန့်ကျင်တဲ့ကိစ္စဖြစ်တယ်လို့ တောင်အာရှဒေသ မနုဿဗေဒပညာရှင်တဦးက ဆိုပါတယ်။ VOA သတင်းထောက် Victor Beattie ရဲ့ မေးမြန်းချက်ကိုအခြေခံပြီး ဦးကျော်ဇံသာက တင်ပြထားပါတယ်။

အိန္ဒိယသမုဒ္ဒရာထဲက ဒီကျွန်းဟာ ကျောက်ခေတ်သစ်ထက်ရှေးကျတဲ့ ယဉ်ကျေးမှုအဆင့်ရှိသူ လူမျိုးစုတွေ နေထိုင်နေကြတဲ့ကျွန်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်က အသက် ၂၆ နှစ်အရွယ် John Allen Chau ဟာ ခရစ်ယာန်ဘာသာဝင်တဦးဖြစ်ပြီး သူ့ရဲ့ဘာသာအယူဝါဒကို ဒီကျွန်းသားတွေဆီ ဖြန့်ချိလိုဟန်ရှိတယ်လို့ ယူဆရပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က ဘယ်လိုပဲဖြစ်စေ သူ့ရဲ့စွန့်စားမှုဟာ တရားဥပဒေနဲ့ ကိုက်ညီမှုမရှိဘူး၊ အန္တရာယ်ကြီမားလှတယ်လို့ တောင်အာရှဒေသ မနုဿဗေဒပညာရှင် ဂျိုနာဘလန့်ခ်က ဆိုပါတယ်။

“အိန္ဒိယနိုင်ငံမှာ ဒီလို အဆက်အသွယ်မရှိတဲ့လူမျိုးစု တစုစုနဲ့ ထိတွေ့ဆက်ဆံမှုဟာ ဥပဒေနဲ့ဆန့်ကျင်ပြီး အဲဒီလူတွေဟာ ကျောက်ခေတ်လူသားအဆင့်လောက်သာ ရှိပြီးတော့ ထိတွေ့ဆက်ဆံမှုခံရရင် သူတို့အတွက် ယဉ်ကျေးမှုအရရော ရုပ်ပိုင်းဆိုင်ရာအရပါ အထူးအန္တရာယ်များပါတယ်။

ယဉ်ကျေးမှုအရ သူတို့ဟာ ပြင်ပလူ့အဖွဲ့အစည်းနဲ့ ထိတွေ့ ဆက်ဆံရပြီးတော့ အချိန်တိုအတွင်းမှာပဲ သူတို့ရဲ့ ပင်ကိုယ်ယဉ်ကျေးမှု ပျက်သုဉ်းသွားနိုင်ပါတယ်။ ဒါ့ထက်ပိုပြီးတော့ အရေးကြီးတာက အများဆုံး တွေ့ခဲ့ရတဲ့ ကိစ္စပါ။ အပြင်လူတွေနဲ့ ထိတွေ့ဆက်ဆံမိတဲ့ လူသားတွေဟာ ရောဂါတွေဖြစ်ပွားပြီးတော့ မျိုးသုဉ်းသွားခဲ့ကြ ပါတယ်။ ဒီလိုဖြစ်ရပ်မျိုး ဘရာဇီးလ်မှာ တွေ့ခဲ့ရပါတယ်။ ပစိဖိတ်ကျွန်းစုတွေမှာလည်း ကြုံခဲ့ရပါတယ်။ သာမန် ဝက်သက်ရောဂါ၊ ပိုလီယိုရောဂါလို ရောဂါမျိုးတွေကို ဒီလူသားတွေ ခံနိုင်ရည်မရှိကြပါဘူး။ အားလုံး သေကုန်ကြ ပါတယ်။”

John Chau ဟာ သူယုံကြည်တဲ့ညာသာတရားအတွက် ဒီခရီးထွက်ခဲ့တာဖြစ်တယ်လို့ လူတွေက ယူဆနေကြ တာပါ။ အိန္ဒိယအာဏာပိုင်တွေကတော့ ဒါဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ စွန့်စားမှုဖြစ်တယ်လို့ ဆိုကြပါတယ်။ မနုဿဗေဒပညာရှင် ဂျိုနာဘလန့်ခ်က အိန္ဒိယအာဏာပိုင်တွေရဲှု့ အယူအဆကို သူထောက်ခံပါတယ်-တဲ့။

“သူတို့ပြောတာ လုံးဝမှန်ပါတယ်။ ကျနော်ဟာ မနုဿဗေဒပညာရှင်တယောက်ပါ။ မနုဿဗေဒ ပညာရှင်တွေ၊ သာသနာတွေ အဓိကလိုက်နာရတဲ့စည်းမျဉ်းတခုက အဆက်အသွယ် မရှိဖူးတဲ့ လူအုပ်တွေနဲ့ ထိတွေ့ဆက်ဆံမှု မလုပ်ရဘူး-ဆိုတာပဲဖြစ်ပါတယ်။ တာဝန်သိတဲ့ ဧဝံဂေလိ အသင်းတော်တိုင်း ဒါကိုသိကြပါတယ်။ သူတို့ရဲ့ ဝိဉာဉ်ကို ကယ်တင်နိုင်မယ်၊ မကယ်တင်နိုင်ဘူး ဆိုတာထက် လောလောဆယ်မှာ ဒီလူသားတွေ ရောဂါတွေ ကူးစက်နိုင်မယ့် အန္တရာယ် ကျရောက်စေနိုင်ပါတယ်။”

အခုလို John Chau အသတ်ခံရမှုအတွက် တစုံတယောက်ကို ဥပဒေအရ အရေးယူနိုင်ဖို့ကော ရှိသလားဆိုတဲ့ မေးခွန်းကိုတော့ ရှိမယ်မထင်ဘူး-ဆိုပြီး သူ့ရဲ့အယူအဆကို ဂျိုနာဘလန့်ခ်က အခုလို ရှင်းပြပါတယ်။

“မရှိနိုင်ဘူးထင်ပါတယ်။ သူလုပ်ခဲ့တာက အိန္ဒိယဥပဒေနဲ့ဆန့်ကျင်ပါတယ်။ သူ့ကိုသတ်တယ်လို့ ယူဆရ သူတွေ ဟာ သူတို့နယ်မြေကိုသူတို့ ခုခံကာကွယ်ခဲ့ကြတာပါ။ ဒီလူဟာ သူတို့အတွက် အန္တရာယ်ရှိတယ်ဆိုတာ သူတို့ မသိပါဘူး။ ဒီလူဆီက ရလာမယ့် ရောဂါတွေကို သူတို့မခံနိုင်ဘူး ဆိုတာ သူတို့မသိပါဘူး။ ဒါတွေကိုမသိပေမယ့် သူတို့ဟာ သူတို့ကိုယ်သူတို့ ခုခံကာကွယ်ပိုင်ခွင့်ကို သုံးပြီးတော့ သတ်ခဲ့ကြတာဖြစ်တယ်လို့ ကျနော် ယူဆပါတယ်။”

မစ္စတာ Chau ဟာ ဒီကျွန်းကို ငါးဖမ်းသမားတွေရဲ့အကူအညီနဲ့ အရင်တုန်းက သွားရောက်ခဲ့ဖူးတယ် လို့လည်း အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်းနဲ့ နီကိုဘာဒေသရဲ့ရဲချုပ်က ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ သူဟာ အဲဒီကျွန်းမှာပဲနေခဲ့မယ်လို့ ငါးဖမ်းသမားတွေကို ပြောပြခဲ့ပြီး နောက်တနေ့ မနက်မှာပဲ သူ့ရဲ့ရုပ် အလောင်းကို ကျွန်းရဲ့သဲသောင်ပြင်မှာ ဆွဲငင်ယူနေတာကို ငါးဖမ်းသမားတွေ က တွေ့မြင်ခဲ့ကြရတာဖြစ်ပါတယ်။ သူ့ရဲ့ရုပ်အလောင်းကို ပြန်လည်ရရှိဖို့အတွက် ရက်အတော်ကြာ လိမ့်ဦးမယ်လို့လည်း အိန္ဒိယအာဏာပိုင်တွေက ပြောနေကြပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG