သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလုံခြုံရေး အကြံပေး John Bolton ကို သမ္မတ Trump ရာထူးကဖယ်ရှား


အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton

အမေရိကန် သမ္မတ Donald Trump က အမျိုးသား လုံခြုံရေး အကြံပေး John Bolton ကို အင်္ဂါနေ့မှာ ရာထူးက ဖယ်ရှားလိုက်ပါတယ်။ အမျိုးသား လုံခြုံရေး အကြံပေး John Bolton နဲ့ သမ္မတ Trump ကြားမှာ အီရန်အရေး၊ အာဖဂန် နစ္စတန်နဲ့ တခြား ကမ္ဘာ့ အရေးကိစ္စတို့မှာပါ အကြီးအကျယ် သဘောထား ကွဲလွဲခဲ့တာ ဖြစ်ပါတယ်။ Jeff Custer ရဲ့ သတင်းကို မသိင်္ဂီထိုက် ပြောပြမှာပါ။

သမ္မတ Donald Trump က သူ့ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး John Bolton ကို ရာထူးက တနလာၤနေ့ညက နုတ်ထွက်ခိုင်းခဲ့ပြီး အင်္ဂါနေ့မှာတော့ ရာထူးကဖယ်ရှားကြောင်း ကြေညာခဲ့တာပါ။ အမေရိကန်သမ္မတအိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်ဖို့ မလိုတော့ဘူး လို့ မနေ့ညက John Bolton ကို အသိပေးပြီးပြီ ဖြစ်ကြောင်း၊ Bolton ရဲ့ အကြံပြုချက် အများအပြားက သူနဲ့ အကြီးအကျယ် သဘောထား ကွဲလွဲပြီး အစိုးရတွင်းက တခြား သူတွေနဲ့လည်း သဘောထားကွဲပြားတာကြောင့် John Bolton ကို နုတ်ထွက်ဖို့ ပြောလိုက် တာဖြစ်ပြီး ဒီမနက်မှာ နုတ်ထွက်စာတင်တယ်လို့ သမ္မတ Trump က တွစ်တာ မှာ အင်္ဂါနေ့က ရေးသားခဲ့ပါတယ်။ အမျိုးသား လုံခြုံရေးအကြံပေးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့အတွက် John Bolton ကို ကျေးဇူးတင်ကြောင်း သမ္မတကပြော ဆိုပြီး နောက်သီတင်းပတ်ထဲ သူ့နေရာမှာ အစားထိုး ခန့်အပ်မယ်လို့လည်း ပြောပါတယ်။

ရီပတ်ပလီကန် အစိုးရသုံးဆက် တာဝန်ထမ်းဆောင်ခဲ့သူ John Bolton က ကာကွယ်ရေး နဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ သဘောထား တင်းမာသူအဖြစ် ရှုမြင် ခံရပြီး ၂၀၁၈ ခုနှစ် မတ်လမှာ သမ္မတအိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေးအကြံပေး အဖြစ် သမ္မတ Trump က ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ အရင် အမျိုးသား လုံခြုံရေးအကြံပေး ဒုတိယဗိုလ်ချုပ်ကြီး H.R. McMaster ရဲ့ နေရာကို John Bolton နဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။ John Bolton က သမ္မတနဲ့ မကြာခဏ သဘောထားကွဲလွဲတယ်လို့အိမ်ဖြူတော် ဒုတိယ ပြန်ကြားရေး တာဝန်ခံ Hogan Gidley က အမေရိကန်သမ္မတအိမ်ဖြူတော် အပြင်ဘက်မြက်ခင်းမှာ သတင်းထောက်တွေကို အခုလို ပြောပါတယ်။

“John Bolton ရဲ့ ဦးစားပေးကိစ္စတွေနဲ့ မူဝါဒတွေနဲ့ သမ္မတနဲ့ မကိုက်ညီပါဘူး။ ရာထူး လက်ကိုင် သမ္မတအနေနဲ့ သူ့ရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ ပုဂ္ဂိုလ် တဦးတယောက်ကို ခန့်အပ်နိုင်ပါတယ်။ ဒါပေမယ့် အကောင်အထည် ပေါ်လာနိုင်စရာ မရှိတာကြောင့်သမ္မတက အပြောင်းအလဲလုပ်လိုက်တာပါ။”

John Bolton ရာထူးက ထွက်တဲ့ အချိန်ဟာဆိုရင် အမေရိကန်ရဲ့ အတင်းမာဆုံး ရန်ဘက်တွေ ဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ အီရန်တို့နဲ့ သမ္မတ Trump က သံတမန်ရေး လမ်းကြောင်းဖွင့်နေချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။ သမ္မတ Trump ရဲ့ အခုလို ဆောင်ရွက်ချက်တွေဟာဆိုရင် မြောက်ကိုရီးယားနဲ့ အီရန်ဟာ အကြီးအကျယ် မယုံကြည်ရသူတွေ အဖြစ် ရှုမြင်ကြတဲ့ မစ္စတာ Bolton တို့လို သဘောထား တင်းမာတဲ့ အစိုးရ တာဝန်ရှိသူတွေ အတွက်တော့ စိတ်အနှောင့်အယှက် ဖြစ်စရာပါ။

နျူကလီယား အစီအစဉ်ကို စွန့်လွှတ်ဖို့ရော၊ အိမ်နီးချင်း နိုင်ငံတွေကိုပါ ရိုက်ခတ်စေတဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေလည်း ထပ်ခါ ထပ်ခါ လုပ်နေပေမယ့်လည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို သမ္မတ Trump က ဆက်ပြီး စည်းရုံးနေတာပါ။ ဒါ့အပြင် အီရန် သမ္မတ Hassan Rouhani နဲ့လည်း သင့်တော်တဲ့တချိန်မှာ တွေ့ဆုံလိုကြောင်း သမ္မတ Trump က ပြောဆိုထားတာပါ။

အကြံပေး Bolton နဲ့ သမ္မတ Trump ကြား သဘောထား ကွဲပြားမှုတွေက ဒီလပိုင်းတွေ အတွင်း ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။ အီရန်ဘက်က အမေရိကန်ရဲ့ ထောက်လှမ်းရေး ဒရုန်းယာဉ်ကို ပစ်ချခဲ့မှုအပေါ် လက်တုံ့ပြန် တိုက်ခိုက်မယ့်အစီအစဉ်ကို သမ္မတ Trump က ဖျက်လိုက်ပြီး တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်မဲ့ဇုန်မှာ သမ္မတ Trump က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကိုတွေ့ဆုံဖို့နဲ့ မြောက် ကိုရီးယားဘက်ခြမ်းကို ဖြတ်ကူးခဲ့ပြီးနောက်ပိုင်း မပြေလည်မှုတွေက ပိုများလာခဲ့တာပါ။ မစ္စတာ Bolton ကတော့ အီရန်ကို တိုက်ဖို့ လိုလားခဲ့ပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တာပါ။

အမေရိကန် သမ္မတအိမ်ဖြူတော် သတင်းခန်းမှာ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo၊ ဘဏ္ဍာရေး ဝန်ကြီး Steven Mnuchin တို့နဲ့ အတူ John Bolton တက်ရောက်ဖို့ မိနစ် ၉၀ အလိုမှာ သူ့ကို ရာထူးက ထုတ်ပယ်ကြောင်း သမ္မတ Trump ရဲ့ ကြေညာချက် ထွက်လာတာပါ။ အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးသာ ရောက်လာခဲ့တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာတော့ John Bolton ကို ရာထူးက ထုတ်ပယ်လိုက် တဲ့ကိစ္စကို သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး Pompeo ကတော့ အစိုးရရဲ့ ဦးစားပေး ကိစ္စရပ်တွေနဲ့ နိုင်ငံခြားရေး မူဝါဒ ရည်မှန်းချက်တွေက မပြောင်းလဲဘူးလို့ ဖြေကြားသွားပါတယ်။

“ကမ္ဘာတလွှားက ဘယ်ခေါင်းဆောင်မှ အစိုးရ အဖွဲ့ထဲက တဦးထွက်သွားတာကြောင့် သူတို့ရဲ့ လက်ခံယုံကြည်ချက်ကို ပြောင်းလဲလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ သမ္မတ Trump ရဲ့ နိုင်ငံခြားရေး မူဝါဒကလည်း အရေးကြီးတဲ့ အနေအထားမှာ ပြောင်းလဲပါ လိမ့် မယ်။”

သမ္မတ George W. Bush လက်ထက်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူBolton က သမ္မတ Trump ကို ထောက်ခံတဲ့ Fox News Channel မှာ သုံးသပ်သူ အဖြစ် လုပ်ခဲ့ပြီးနောက် သမ္မတ Trump အစိုးရမှာ ခန့်အပ်ခံရ တာ ဖြစ်ပါတယ်။ ရာထူးက ဖယ်ရှားခံရတဲ့ မစ္စတာ Bolton ရဲ့ နေရာမှာတော့ Charlie Kupperman က ယာယီ အမျိုးသားလုံခြုံရေးအဖြစ် တာဝန်ယူမယ်လို့လည်း အိမ်ဖြူတော် က ကြေညာပါတယ်။ အမေရိကန် သမ္မတ Donald Trump အစိုးရ လက်ထက် ပထမဆုံး အမျိုးသား လုံခြုံရေး အကြံပေးအဖြစ် ရွေးချယ်ခံရသူကတော့ စစ်တပ်က အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး Michael Flynn ဖြစ်ပြီး ရာထူးတာဝန် ထမ်းဆောင်ပြီး တလ မပြည့်ခင်မှာပဲ ရာထူးက ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။

အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Flynn ကတော့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတုန်းက အမေရိကန်ဆိုင်ရာ ရုရှား သံအမတ်ကြီးနဲ့ ဆွေးနွေးခဲ့မှုနဲ့ပတ်သက်ပြီး ပြည်ထောင်စု စုံစမ်း စစ်ဆေးရေး ဗျူရို FBI ကို လိမ်ညာခဲ့ပါတယ်လို့ ဖြောင့်ချက်ပေးထားပြီး ပြစ်ဒဏ် စီရင်ချက် ကို စောင့်ဆိုင်းနေရပါတယ်။ သမ္မတ Donald Trump ရဲ့ သမ္မတ သက်တမ်း ၃ နှစ်တာ ကာလအတွင်း အမျိုးသား လုံခြုံရေး အကြံပေး ၃ ဦး ရှိခဲ့ပြီ ဖြစ်ပြီး နောက် သီတင်း ပတ်မှာ စတုတ္ထမြောက် အမျိုးသားလုံခြုံရေး အကြံပေးကို ခန့်အပ်မယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG