အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနှီးမှာ အမေရိကန်က အဏြုမူဗုံးချခဲ့တဲ့ Hiroshima မြို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတဦး ပထမဦးဆုံး ရောက်ရှိမှုအနေနဲ့သူရောက်လာရတာကို အထူးခံစားရပြီး ဂုဏ်လည်းယူမိပါကြောင်း ပြောကြားသွားပါတယ်။
Mr. Kerry ဟာ G7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ၂ ရက်တာ စည်းဝေးပွဲအဆုံးမှာ ပြောသွားတာပါ။
Hiroshima အဏုမြူဗုံးဒဏ်သင့်ခဲ့ရသူတွေအတွက် ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်နေရာ ကို ဒီ ၂ ရက်တာ ခရီးအတွင်းမှာ Mr. Kerry လာရောက်တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ မေလ ကျင်းပမယ့် G7 နိုင်ငံခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ သမ္မတ Obama လာရောက်တဲ့အခါ ဒီအထိမ်းအမှတ်နေရာကို လာရောက်မှာလားလို့ Mr. Kerry ကို မေးတော့ အမေရိကန်သမ္မ ဒီမြို့ကို တနေ့တော့ ရောက်ရှိလာမယ်လို့ သူမျှော်လင့်ကြောင်း ပြောပါတယ်။
သမ္မတ Obama ကိုယ်တိုင်ကလည်း Hiroshima ကို သွားရောက်ချင်ကြောင်း ပြောဖူးပေမယ့် ဒီတခေါက် ဂျပန်ခရီးစဉ်မှာတော့ အချိန်ရမရ သူမသိကြောင်း လည်း Mr. Kerry ကပြောပါတယ်။ G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ နျူကလီယားလက်နှက်မပျံပွားရေးနဲ့ နျူကလီယားလက်နှက် ဖျက်သိမ်းရေးတို့ကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေတဲ့ Republican သမ္မတလောင်း Donald Trump က Japan နဲ့ တောင်ကိုရီးယားနိုင်ငံတွေ အနေနဲ့ အမေရိကန်ကို သိပ်ကြီး မှီခိုမနေရအောင် နျူကလီးယားလက်နှက် လက်ဝယ်ပိုင်ထားသင့်တယ်လို့ပြောတာကို ဘယ်လိုတုံ့ပြန်မလဲဆိုပြီး Japan နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ကို မေးတော့ ဂျပန်နိုင်ငံအတွက်က နျူကလီးယားလက်နှက် ပိုင်ဆိုင်ဖို့ဆိုတာ တွေးကြည့်လို့တောင်မရဘူးလို့ ဖြေကြားသွားပါတယ်။