သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီမှာ ယီမင်အရေး ကန်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သူဟာ ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်တဲ့အခါမှာ စစ်ဒဏ်ကြောင့် ပျက်စီးနေတဲ့ ယီမင်နိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။

သူ့ရဲ့ခရီးစဉ် တထောက်နားတဲ့ ဂျဘူတီနိုင်ငံကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ ရောက်စဉ်မှာလည်း ယီမင်အတွက် အမေရိကန်က ထောက်ပံ့ငွေ နောက်ထပ် ဒေါ်လာ သန်းပေါင်း ၆၈ သန်း ပေးမယ်လို့ ကြေညာကြောင်း ဝန်ကြီးကယ်ရီရဲ့ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဗွီအိုအေသတင်းထောက်က ပြောပါတယ်။ ဒီအထောက်အပံ့တွေကနေ ယီမင်နိုင်ငံမှာ လိုအပ်နေတဲ့ အစားအစာ သောက်ရေသန့် ခိုလှုံနေထိုင်ဖို့နဲ့ တခြားလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ အဖွဲ့တွေအတွက် ဒေါ်လာ ၁၆ သန်း ပေးဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ယီမင်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ ဟူသီသူပုန်တွေကို ဆော်ဒီအာရေဗျက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာပါ။ ဂျဘူတီမှာ ဝန်ကြီးကယ်ရီဟာ ဂျဘူတီ သမ္မတ Ismail Omar Guelleh နဲ့ နိုင်ငံခြားရေးဝန်ကြီး Mahamoud Ali Youssouf တို့နဲ့ တွေ့ဆုံပြီး ယီမင်က အကြမ်းဖက်မှုတွေကြောင့် အေဒင်ပင်လယ်ကွေ့ တဘက်ကမ်းမှာရှိတဲ့ ဂျဘူတီကို ထွက်ပြေးခိုလှုံကြရတဲ့ ရာနဲ့ချီတဲ့ အမေရိကန် ဒုက္ခသည်တွေကို အကူအညီပေးခဲ့တာအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ဆိုမာလီယာနိုင်ငံကို ပထမဆုံးသွားရောက်ခဲ့ပြီး နောက်တနေ့မှာပဲ ဂျဘူတီကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးကယ်ရီဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက အရှေ့ပိုင်းဒေသက အမေရိကန်တပ်တွေအတွက် အရေးပါလာပြီဖြစ်တဲ့ ဂျဘူတီမှာရှိတဲ့ အမေရိကန် စစ်တပ်အခြေစိုက်စခန်းကို သွားရောက်ပြီး အမေရိကန် အရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်သလို ဒီကနေ့နှောင်းပိုင်းမှာတော့ ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG