သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့ရိုးရာအတာသင်္ကြန်နဲ့ နှစ်သစ်ကူးအခါသမယမှာ သမ္မတ ဘရာ့ခ် အိုဘားမားနဲ့ အမေရိကန်လူထုကိုယ်စား မြန်မာလူထု အတွက် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီရဲ့ ဧပြီလ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သင်္ကြန်အခါသမယဟာ ပျော်ရွှင်ဆင်နွှဲဖို့၊ ဆုတောင်းကြဖို့နဲ့ ပြန်ပြီး ဆင်ခြင်သုံးသပ်ဖို့ အချိန်ကာလဖြစ်ပါတယ်လို့ ၀န်ကြီးကယ်ရီ ကပြောပါတယ်။ ဒါ့အပြင် အတိတ်ကို ဆေးကြောပြီး နှစ်သစ်ရဲ့ အလားအလာတွေနဲ့အတူ အသစ်စတင်နိုင်ရေး မိသားစု၊ မိတ်ဆွေ သူငယ်ချင်းနဲ့ သူစိမ်းတရံဆံ တဦးနဲ့တဦး ဖေးမလုပ်ဆောင်ကြတဲ့ အချိန်အခါလည်းဖြစ်ပါတယ်လို့ ၀န်ကြီးကယ်ရီရဲ့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

လာမယ့် နှစ်သစ်ဟာ ငြိမ်းချမ်းတဲ့၊ ဘေးအန္တရာယ်ကင်းတဲ့၊ ကြွယ်ဝချမ်းသာတဲ့၊ မြန်မာနိုင်ငံရဲ့ မတူကွဲပြားတဲ့ လူထုအားလုံး အတွက် အမျိုးသား သဟဇာတဖြစ်မှုတွေနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေလို့ မစ္စတာကယ်ရီက ဆုတောင်းပေးပါတယ်။

ဒီ ထူးမြတ်တဲ့ အခါသမယကို ချစ်ခင်မြတ်နိုးသူတွေနဲ့ အတူတကွ ဆင်နွှဲကြတာနဲ့အမျှ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရား မျှတမှုရှိရေးနဲ့ နိုင်ငံက ပြည်သူလူထုအားလုံးအတွက် ဒီမိုကရေစီဖြစ်ထွန်းရေး ခရီးရှည်ကြီးမှာ အမေရိကန်လူထုက အတူတကွ ရှိနေမယ်ဆိုတာ သိနားလည်ပေးပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG