သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျွန်လင်နွန်ကို သတိရသူများ


ဂျွန်လင်နွန်။

ဗြိတိန်နိုင်ငံက နာမည်ကျော် Beatles တေးဂီတအဖွဲ့ဝင် ရော့ခ် အဆိုတော်လည်းဖြစ်၊ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ဂျွန်လင်နွန် (John Lennon) ကွယ်လွန်ခဲ့တဲ့ နှစ် ၃၀ ပြည့် အခမ်းအနားတွေကို ကမ္ဘာအနှံ့မှာ ကျင်းပနေကြပါပြီ။

ဂျွန်လင်နွန်ဟာ နယူးယောက်မြို့က သူ့တိုက်ခန်း အပြင်ဘက်မှာပဲ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး ၁၉၈၀ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာပါ။

ဂျွန်လင်နွန်ရဲ့ တေးချစ်ပရိသတ်တွေဟာ သူ လုပ်ကြံခံခဲ့ရတဲ့ တိုက်ခန်းနဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်ထားတဲ့ အမှတ်တရ ပန်းခြံထဲမှာ စုဝေးခဲ့ကြပြီး သူ့ရဲ့သီချင်းတွေကို ဆိုကြ တီးကြ၊ လွမ်းသူ့ပန်းတွေ ချခဲ့ကြပါတယ်။

Beatle အဖွဲ့ရဲ့ Strawberry Fields Forever သီချင်း ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ ဒီသီချင်းကို အစွဲပြုပြီး ဂျွန်လင်နွန် အမှတ်တရ ပန်းခြံကို စတော်ဘယ်ရီပန်းခြံလို့ ခေါ်ခဲ့ကြပါတယ်။

စတော်ဘယ်ရီဖီးလ်ဒ် ပန်းခြံကို ငြိမ်းချမ်းရေး ပန်းခြံအဖြစ် နိုင်ငံပေါင်း ၁၂၀ ကျော်က လက်မှတ်ရေးထိုးထားကြတဲ့ မော်ကွန်းတိုင်လည်း အဲဒီပန်းခြံထဲမှာ ထားရှိထားပါတယ်။

တိုကျိုမြို့မှာလည်း ဂျွန်လင်နွန် အမှတ်တရပွဲ တခုကို ဂျွန်လင်နွန်ရဲ့ ဇနီးက ကျင်းပခဲ့ပါတယ်။ ကွယ်လွန်သူ သူ့ရဲ့ခင်ပွန်း ဂျွန်လင်နွန်ကို နက်နက်ရှိုင်းရှိုင်း ချင်ခင်လေးစားကြပါလို့လည်း တက်ရောက်လာကြတဲ့ ပရိသတ်ကို ဂျွန်လင်နွန်ရဲ့ဇနီး ယိုကို အိုနို (Yoko Ono) က တိုက်တွန်းခဲ့ပါတယ်။

ဂျွန်လင်နွန်ရဲ့ ဇာတိမြို့မှာတော့ သူ့ရဲ့ တေးချစ်ပရိသတ်ဟာ ဖယောင်းတိုင်တွေ ထွန်းညှိပြီး ဆုတောင်းတာ၊ နောက် သူ့ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေကို တီးမှုတ်သီဆိုပြီးတော့ အမှတ်တရပွဲ ကျင်းပခဲ့ပါတယ်။ သူ့ရဲ့ ဂီတရောင်းရင်းတွေ၊ တေးဂီတ၀ိုင်း အတူတည်ထောင်ခဲ့သူတွေ စုပေါင်းပြီး အကူအညီပေးရေး ကဇာတ်တခုကို လန်ဒန်မြို့မှာ ကြာသပတေးနေ့ကျရင် ကျင်းပဖို့ ရှိနေပါတယ်။

XS
SM
MD
LG