သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပြုဖို့ ဂျွန်မက်ကိန်း တိုက်တွန်း


ဒေါ်စုကို လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပြုဖို့ ဂျွန်မက်ကိန်း တိုက်တွန်း

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာ မနက်ဖြန် ဇွန်လ ၁ ရက်နေ့ကစလို့ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်မယ့် မြန်မာနိုင်ငံ ခရီးစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ အပြောင်းအလဲ ဖော်ဆောင်တဲ့ နေရာမှာ ဘယ်လောက်အထိ လေးနက်မှုရှိမယ် ဆိုတာကို သူ့ခရီးစဉ်အတွင်းမှာ ဆန်းစစ်သွားဖို့ ရည်ရွယ်တယ်လို့ ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဒါ့အပြင် ရှေ့လထဲမှာ နယ်ခရီးတွေထွက်မယ့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ရှိသင့်တယ်လို့လည်း သူက ပြောသွားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

သြဇာကြီးမားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဇွန်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး မြန်မာအစိုးရသစ် အဖွဲ့ရဲ့ အနေအထားကို လေ့လာမှာ ဖြစ်သလို သူလေးစားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဇွန်လကစပြီး နယ်တွေကို ခရီးထွက်မယ်လို့ မနေ့တနေ့ကစပြီး ကြေညာခဲ့တာမို့ ဒါဟာ မြန်မာအစိုးရသစ်ဘက်က အပြောင်းအလဲကို ဘယ်လောက်လုပ်မယ် ဆိုတာအတွက် ကောင်းကောင်း သိလာနိုင်တဲ့ အချက်လို့ မစ္စတာ မက်ကိန်းက အင်္ဂါနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“သေချာတာကတော့ အစိုးရကို တခု ပန်ကြားဖို့ ရှိတာက ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မယ်ဆိုရင် သူ့ကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးဖို့ပါ။ ဒီအကြံပြုချက်ကို ကျနော်တဦးတည်း ပြောတာတော့ မဟုတ်ပါဘူး။ ဒီအကြံပြုချက် အပေါ်မှာ အစိုးရ အနေနဲ့ လက်ခံ၊ မခံဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ကတိက၀တ်ကို ပြချင်တယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးမပေး ကြည့်ရမယ်လို့ ကျနော် ထင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ပြည်သူတွေနဲ့ တွေ့ဖို့ ဆန္ဒ ဘယ်လောက်ရှိတယ်ဆိုတာ ကမ္ဘာက သိနေတာမို့ အခု ပြည်သူတွေနဲ့ ဘယ်လောက်အထိ သူ ထိတွေ့ခွင့်ရတယ် ဆိုတာကို စောင့်ကြည့်ဖို့ လိုတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ် မေလ ၃၀ ရက်နေ့ကလို အဖြစ်မျိုး မရောက်ဖို့အတွက် အစိုးရသစ် အဖွဲ့က စောင့်ရှောက်မယ်လို့ သူ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

ဇွန်လ ၁ ရက်နေ့က စတင်မယ့် သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ ပထမ နေပြည်တော်မှာ အစိုးရသစ်အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ မစ္စတာ မက်ကိန်းက ပြောပါတယ်။

“မနက်ဖြန်ကျရင် မြန်မာနိုင်ငံကို သွားမှာပါ။ မနက်ဖြန်မှာပဲ မြို့တော်သစ်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာပါ။ ဒီနောက်တော့ ရန်ကုန်ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။ ကျနော် သူ့ကို မတွေ့ရတာ ၁၅ နှစ် ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့အခေါက် ကျနော် သွားခွင့်ရတဲ့ အချိန်တုန်းက နောက်ဆုံး တွေ့ရတာပါ။

“အစိုးရသစ် လက်ထက်မှာ ဘယ်လို အပြောင်းအလဲတွေ ရှိသလဲ၊ ပြုပြင် ပြောင်းလဲရေးအတွက် ဘယ်လောက်အထိ အလေးအနက် ထားသလဲ ဆိုတာကို ဆန်းစစ်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ ဒါ့အပြင် အခြားသူတွေနဲ့ မတူအောင် ကျနော် လေးစား မြတ်နိုးရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။”

မြန်မာအစိုးရနဲ့ တွေ့ဆုံတဲ့အခါမှာ အခုထိ အကျဉ်းထောင်တွေထဲမှာ ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်ပြီး လွှတ်ပေးရေးအတွက် တိုက်တွန်း ပြောကြားမယ်လို့လည်း ပြောပါတယ်။

မစ္စတာ မက်ကိန်းဟာ အင်္ဂါနေ့မှာ ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်မြို့က မြန်မာဒုက္ခသည်တွေရဲ့ ကျန်းမာရေးအတွက် အားထားနေရတဲ့ မယ်တော်ဆေးခန်းကို သွားရောက်ပြီး ဒေါက်တာ စင်သီယာမောင်နဲ့ တွေ့ဆုံခဲ့သလို မြန်မာဒုက္ခသည်တွေရှိရာ မယ်လ ဒုက္ခသည်စခန်းကိုလည်း သွားရောက်ခဲ့ပါတယ်။

သူဟာ မြန်မာဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ ဆိုးဝါးတဲ့ အနေအထားကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတယ်လို့ ပြောကြားခဲ့သလို ဒီဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲက အခြေအနေဆိုးတွေကြောင့် ထိုင်းအစိုးရ အနေနဲ့ နေရပ်ရင်းကို ပြန်ပို့ဖို့ မသင့်သေးဘူးလို့လည်း ပြောပါတယ်။

“ဒီဒုက္ခသည် အခြေအနေဟာ ထိုင်းအစိုးရ အတွက်ရော ဒီလူတွေအတွက်ပါ အတော်လေးကို ခက်ခဲတဲ့ အခြေအနေပါ။ ဒါပေမဲ့လည်း ထိုင်းအစိုးရ အနေနဲ့ ဒီဒုက္ခသည်တွေကို ပြန်မပို့ဘူး ဆိုတာတော့ ကျနော် အခိုင်အမာ ယုံပါတယ်။ ဒီလူတွေ ပြန်ပို့ခံရရင် အရေးယူခံရမယ်။ တချို့ အသတ်တောင်မှ ခံရနိုင်ပါတယ်။ ဒီ တိုင်းရင်းသား လူနည်းစုတွေ အပေါ်မှာ မြန်မာစစ်တပ်က ဘယ်လိုလုပ်သလဲ ဆိုတာတွေကိုလည်း ကြားရပါတယ်။ ဒါကြောင့် ဒီဒုက္ခသည် စခန်းတွေကို မပိတ်ခင်တော့ ဒါတွေကို သတိတကြီး ထည့်သွင်း စဉ်းစားရမယ်လို့ ထင်ပါတယ်။”

မစ္စတာ မက်ကိန်း အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရသစ်လက်ထက် အခြေအနေတွေကို ဆန်းစစ်ဖို့ ရှိနေသလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့အစည်း အမျိုးမျိုးနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အခြေအနေမှန်ကို လေ့လာမယ်လို့ ဆိုပါတယ်။

ဒီခရီးစဉ်ကနေရတဲ့ အချက်အလက်တွေကို အမေရိကန် လွှတ်တော်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနကို ပြန်လည် တင်ပြဖို့ရှိပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးအတွက် ဆက်ပြီး ကြိုးစားဖို့ ရှိတယ်လို့လည်း မစ္စတာ မက်ကိန်းက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG