သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာပြည် လာရောက်မည်


အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာပြည် လာရောက်မည်

အမေရိကန် ပြည်ထောင်စု ရီပတ်ဘလီကန် ပါတီရဲ့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာ လာမယ့် ရှေ့သီတင်းပတ်တွင်း မြန်မာပြည်ကို သွားဖို့ရှိသလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဗဟိုကော်မတီဝင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ မစ္စတာ ဂျွန်မက်ကိန်းဟာ ၂၀၀၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အိုဘားမား (Barack Obama) နဲ့ ယှဉ်ပြိုင်ခဲ့သူတဦး ဖြစ်တဲ့အပြင် မြန်မာ့ဒီမိုကရေစီရေးအတွက် တစိုက်မတ်မတ် အားပေး ထောက်ခံခဲ့သူလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု ရီပတ်ဘလီကန်ပါတီရဲ့ အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ ဂျွန်မက်ကိန်းဟာ ရှေ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံကိုသွားမှာ ဖြစ်သလို လာမယ့် ဇွန်လ ၂ ရက် ကြာသပတေးနေ့မှာတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံမယ် ဆိုတာကို ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးကနေ အကြောင်းကြားထားတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“သက်ဆိုင်ရာ သူတို့ သံရုံးကနေပြီးတော့ ဗမာပြည် ရောက်တဲ့အခါ အစိုးရနဲ့ တွေ့ပြီးတဲ့အခါမှာ ၂ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်၊ NLD CEC နဲ့ တွေ့မယ် ဆိုတာကို ကျနော်တို့ အဲဒီလို သိရပါတယ်။”

မစ္စတာ ဂျွန်မက်ကိန်းဟာ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ပထမတကြိမ် ရောက်ဖူးသလို ဒီတကြိမ်ဟာ သူ့ရဲ့ ဒုတိယမြောက် ခရီးစဉ် ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အံ့မခန်းစရာ သတ္တိတွေနဲ့အတူ သန္နိဋ္ဌာန် အင်မတန် ခိုင်မာတဲ့ အမျိုးသမီးတဦး ဖြစ်တယ်လို့လည်း မစ္စတာ ဂျွန်မက်ကိန်းက မှတ်ချက်ပေး ပြောဆိုခဲ့ဖူးပါတယ်။

ဗီယက်နမ် စစ်ပြန်ဟောင်း တဦးဖြစ်တဲ့ မစ္စတာ ဂျွန်မက်ကိန်းဟာ မြန်မာနိုင်ငံက စစ်အုပ်ချုပ်မှု အခြေအနေတွေကို ဆန့်ကျင်ခဲ့သလို လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ရော ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို အစဉ်တစိုက် အားပေး ထောက်ခံခဲ့ပြီး မြန်မာနိုင်ငံအတွက် အတော်လေးကို ပြောဆိုခဲ့တဲ့ အမေရိကန် ထိပ်တန်းခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။

မကြာခင် စတင်တော့မယ့် သူ့ခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ချမှတ်ထားတဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို လက်တွေ့ အကောင်အထည်ဖော်တဲ့ ခရီးစဉ်တခု ဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက သုံးသပ်ပါတယ်။

“ကျနော်တို့ တွေ့တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လက်ရှိ အခြေအနေတွေကို ရှင်းပြနိုင်မယ်။ နောက်ပြီးတော့ ကျနော်တို့ရဲ့ ကြိုးစား ဆောင်ရွက်မှုတွေ အပေါ်မှာ ကျနော်တို့ ရှင်းပြနိုင်မယ်။ သူ့အနေနဲ့ ဘာကိုပြောဖို့ ဘယ်လို ဆိုတာတော့ ကျနော် မသိပါဘူး။ အမေရိကန်က ကမ္ဘာ့ ဒီမိုကရေစီရေးမှာ ထိပ်တန်းက ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေပေါ့။

“အဲတော့ အဲဒီလို မကြာခဏ လာပြီးတော့ တွေ့တယ်ဆိုတာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုကို အားပေးချင်တာ၊ ဒီမိုကရေစီ ဖြစ်မြောက်ရေးအတွက် အရေးကြီးတယ် ဆိုတာကို အဲဒီဘက်က နားလည် သဘောပေါက်နေတယ်လို့ ကျနော်တို့ အဲဒီလိုပဲ သဘောပေါက်ပါတယ်။ တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုကို ဆောင်ရွက်နေတာလို့ ကျနော်တို့ မြင်ပါတယ်။”

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ ခရီးစဉ်အတွင်း နောက်ထပ် ဘယ်နိုင်ငံရေး အဖွဲ့တွေနဲ့ တွေ့မလဲ ဆိုတာတော့ မသိရသေးပါဘူး။ မစ္စတာ ဂျွန်မက်ကိန်းဟာ ၂၀၀၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အိုဘားမားနဲ့ အဓိက ယှဉ်ပြိုင်ခဲ့သူတဦး ဖြစ်သလို အတိုက်အခံ ပါတီတခုဖြစ်တဲ့ ရီပတ်ဘလီကန် ပါတီထဲမှာ သြဇာရှိသူ တဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ လက်ရှိသမ္မတ အိုဘားမားနဲ့ သူ့ရဲ့ ဒီမိုကရက်ပါတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အဓိက ဝေဖန်ထောက်ပြ နေသူလည်း ဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ ခရီးစဉ် မတိုင်ခင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်း (Joseph Yun) ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ မြန်မာနိုင်ငံကနေ ပြန်လာခဲ့တာပါ။ အမေရိကန် အထက်လွှတ်တော် အမတ်တွေထဲက ဆိုရင်တော့ ဒီမိုကရက်တစ်ပါတီရဲ့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) မြန်မာပြည်ကို သွားခဲ့တုန်းကတော့ မြန်မာ ထိပ်တန်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ အခု မစ္စတာ ဂျွန်မက်ကိန်းရဲ့ ခရီးစဉ် အတွင်းမှာတော့ လက်ရှိအစိုးရ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ခွင့်ရမလား ဆိုတာတော့ မေးခွန်းထုတ်နေကြပါတယ်။

XS
SM
MD
LG