သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ဂျွန်မက်ကိန်း ပြောမည်


နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ဂျွန်မက်ကိန်း ပြောမည်
နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ဂျွန်မက်ကိန်း ပြောမည်

မြန်မာပြည်သူတွေရဲ့ အခြေအနေ တိုးတက် ကောင်းမွန်စေရေးအတွက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ အပါအဝင် တိုးတက်မှုတွေ ရှိအောင်လုပ်ဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့ရင် အဓိက တိုက်တွန်းသွားမယ်လို့ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က ပြောလိုက်ပါတယ်။ အခု ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မစ္စတာ မက်ကိန်းက တနင်္လာနေ့တုန်းက ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝ (Abhisit Vejjajiva) နဲ့ တွေ့ဆုံအပြီးမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးဟာ အရေးအကြီးဆုံး ကိစ္စရပ်တခု ဖြစ်တယ်လို့ အမေရိကန်မှာ နိုင်ငံရေး အစဉ်အလာ ကြီးမားတဲ့ အထက်လွှတ်တော်အမတ် မက်ကိန်းက ပြောကြားခဲ့တာပါ။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ဒီသီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားဖို့ စီစဉ်ထားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဆီ သွားနေတာကို မြင်လိုတယ်လို့ ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝနဲ့ တနင်္လာနေ့က တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောကြားရာမှာ မစ္စတာ မက်ကိန်းက နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ လောက်ကို ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ တိုက်တွန်းမယ်လို့ ပြောပါတယ်။

“သူတို့အနေနဲ့ ပိုပြီး နောက်ထပ် တိုးတက်မှုတွေဖြစ်အောင် ကျနော် အဓိက ကြိုးစားပြီး နားချပါမယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးဟာလည်း သိပ်ကို အရေးကြီးပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့ဘဝ ပိုမိုတိုးတက် ကောင်းမွန်ဖို့ ဘယ်လိုနည်းလမ်းတွေ ရှိနိုင်မလဲ ဆိုတာကိုလည်း ကျနော် ရှာဖွေမှာ ဖြစ်ပါတယ်။”

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ အမေရိကန် အတိုက်အခံ ရီပတ်ဘလီကန် ပါတီထဲက သြဇာညောင်းတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်သလို အမေရိကန် နိုင်ငံရေး လောကမှာလည်း အစဉ်အလာ ကြီးမားတဲ့ နိုင်ငံရေးသမားတယောက် ဖြစ်ပါတယ်။ သူ မြန်မာနိုင်ငံ ရောက်တဲ့အခါ အစိုးရဘက်က ဘယ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာလဲ ဆိုတာကို အတိအကျ မသိရသေးပေမဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ တွေ့ဆုံဖို့ ရန်ကုန် အမေရိကန်သံရုံးက အကြောင်းကြားထားတယ် ဆိုတာကို NLD က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြထားပါတယ်။

မစ္စတာ မက်ကိန်းဟာ သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ သိရတဲ့ အချိန်အထိကတော့ မြန်မာအစိုးရဘက်က တစုံတရာ အကြောင်းပြန်တာ မရှိသေးပါဘူး။ ဒါပေမဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ သူ့အနေနဲ့ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံမှုကိုလည်း ထည့်သွင်းဆွေးနွေးဖို့ ရှိတယ်လို့ တနင်္လာနေ့က ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“မြန်မာနဲ့ မြောက်ကိုရီးယားကြားမှာ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေတာ အားလုံးအသိပါ။ ဒီကိစ္စကို ကျနော် သူတို့နဲ့ ဆွေးနွေးတဲ့အခါ ထည့်ပြောမှာပါ။ မြောက်ကိုရီးယားက နျူကလီးယားဆိုင်ရာ နည်းပညာတွေကို အရှေ့အလယ်ပိုင်းဒေသ အပါအဝင် တကမ္ဘာလုံးကို ဖြန့်ချိနေတယ်ဆိုတာ နာမည်ကြီးပါတယ်။ ဒီတော့ ဒီကိစ္စကို ကျနော် မေးခွန်းထုတ်မှာပါ။”

မြန်မာအစိုးရဟာ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ဆောက်လုပ်နေတယ်ဆိုတဲ့ အထောက်အထားတွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေသလား ဆိုတာဟာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တာပါ။ မကြာခင်ကပဲ အပြင်ကို ပေါက်ကြားခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကျွမ်းကျင်သူ ပညာရှင်တွေ တင်ပြတဲ့ အစီရင်ခံစာ တခုထဲမှာလည်း မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို အထူးသတိထားပြီး စောင့်ကြည့်ရမယ်လို့ အကြံပြုထားတာ ဖြစ်ပါတယ်။

လောလောဆယ် ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ မက်ကိန်းဟာ တနင်္လာနေ့က ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝနဲ့ တွေ့ဆုံစဉ်မှာ ထိုင်း၊ မြန်မာ နယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ အရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ အင်္ဂါနေ့မှာလည်း နယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းကို မစ္စတာ မက်ကိန်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG