သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား ဒုက္ခသည်အရေး ဂျွန်မက်ကိန်း စိုးရိမ်


တိုင်းရင်းသား ဒုက္ခသည်အရေး ဂျွန်မက်ကိန်း စိုးရိမ်
တိုင်းရင်းသား ဒုက္ခသည်အရေး ဂျွန်မက်ကိန်း စိုးရိမ်

ဇွန်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မယ့် အရီဇိုးနား (Arizona) ပြည်နယ် ဝါရင့် ရီပတ်ဘလီကန်အမတ် ဂျွန်မက်ကိန်း (John McCain) ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို တင်ပြ ဆွေးနွေးသွားမယ်လို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဒီနေ့ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ မက်ကိန်းက ပြောသွားပါတယ်။ မစ္စတာ မက်ကိန်းဟာ မဲဆောက်မြို့မှာရှိတဲ့ မယ်တော်ဆေးခန်းနဲ့ မယ်လ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်ထားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မေလ ၃၁ ရက်နေ့မှာ ထိုင်း၊ မြန်မာနယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းနဲ့ မဲဆောက်မြို့က ဒေါက်တာ စင်သီယာမောင်ရဲ့ ဆေးခန်းကို သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီးနောက် မယ်တော်ဆေးခန်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မနက်ဖြန် ဇွန်လ ၁ ရက်နေ့ မြန်မာနိုင်ငံကို ရောက်ရှိတဲ့အချိန် စတင်မယ့် သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောသွားပါတယ်။

“အချိန်ဇယား အတိအကျတော့ ပြောလို့မရသေးပါဘူး။ ဒါပေမဲ့ အစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ ရှိနေပါတယ်။ လွှတ်တော်က ခေါင်းဆောင်ပိုင်းတွေကိုလည်း တွေ့ဆုံဖို့ ရှိပါတယ်။ နိုင်ငံတကာရဲ့ ရပ်တည်မှုအတိုင်း ဖြစ်တဲ့ မြန်မာနိုင်ငံထဲ အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့ အခွင့်အလမ်း ကိစ္စတွေကို ဆွေးနွေးသွားမှာပါ။

“ဆိုလိုတာက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အတိုက်အခံတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ စလုပ်ဖို့၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တကယ်ပဲ စိတ်ဝင်စားတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြားမှာ ဆွေးနွေးမှုတွေ လုပ်ဖို့ပါ။”

မယ်လ ဒုက္ခသည်စခန်းနဲ့ မယ်တော်ဆေးခန်းကို လေ့လာခဲ့ပြီးတဲ့ နောက်မှာတော့ မြန်မာနိုင်ငံကို သွားရင် ဒုက္ခသည်တွေရဲ့ အရေးကိစ္စတွေကိုလည်း ပြောဆိုသွားမယ်လို့ ပြောသွားပါတယ်။

“မနက်ဖြန်ဆိုရင်တော့ ကျနော် မြန်မာနိုင်ငံကို သွားပါမယ်။ အဲဒီမှာ ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ဒုက္ခသည်တွေကိစ္စ၊ လူနည်းစု လူမျိုးတွေအပေါ် ဆက်ဆံနေတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါတယ်။ မငြိမ်သက်မှုတွေနဲ့ လူနည်းစုတွေအပေါ် စစ်ဆင် တိုက်ခိုက်မှုတွေကြောင့် သူတို့တွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြရတယ်၊ ဒီလူတွေဟာ သူတို့ရဲ့ အိုးအိမ်နဲ့ မိသားစု နေရာတွေကို ပြန်လိုကြတယ် ဆိုတာကို ထောက်ပြ ပြောဆိုပါမယ်။”

မယ်တော်ဆေးခန်း ရောက်ချိန်မှာတော့ လူထုကျန်းမာရေး စောင့်ရှောက်မှုတွေကို လုပ်နေတဲ့ ဒေါက်တာ စင်သီယာမောင်ကို ချီးကျူး ပြောဆိုသွားပြီးတဲ့နောက် ငွေကြေးအကူအညီတွေ ထပ်ပြီး ရသင့်တယ်လို့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက အခုလို ပြောသွားပါတယ်။

“ဒုက္ခသည်စခန်းနဲ့ ဒေါက်တာ စင်သီယာမောင် ဆေးခန်းတွေကို သွားရောက် ကြည့်ရှုခွင့် ရခဲ့ပါတယ်။ ဒေါက်တာ စင်သီယာမောင် ဆေးခန်းမှာ လူနာ ထောင်နဲ့ချီပြီး ကျန်းမာရေး စောင့်ရှောက်မှု ယူနေကြရတာ တွေ့ရပါတယ်။ ဒီလူတွေဟာ မဟုတ်ရင်တော့ ဘယ်လိုမှ ဆေးဝါးကုသခွင့် ရကြမှာ မဟုတ်ပါဘူး။ ကြုံတွေ့ဖူးသမျှတော့ ဒါဟာ အင်မတန် လေးစား ဂုဏ်ယူစရာကောင်းတဲ့ လုပ်ရပ်ပါ။ ဒါကြောင့် အမေရိကန် ပြည်ထောင်စုက အစိုးရ အနေနဲ့ရော၊ ပရဟိတ အဖွဲ့အစည်းတွေ အနေနဲ့ပါ ဒေါက်တာ စင်သီယာမောင်ရဲ့ လုပ်ငန်းကို ပိုပြီး ငွေကြေး အထောက်အကူတွေ ပေးသင့်တယ်လို့ ထင်ပါတယ်။”

မယ်တော်ဆေးခန်းက ဒေါက်တာ စင်သီယာမောင်ကတော့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက နယ်စပ် အခြေအနေကို လေ့လာခြင်းအားဖြင့် မြန်မာနိုင်ငံက အခြေအနေတွေကို ပိုမို သိရှိသွားတယ်ဆိုပြီး အခုလို ပြောပြပါတယ်။

“သူတို့က ဒီကိုမလာခင်မှာ မယ်လ ဒုက္ခသည်စခန်းကိုလည်း သွားခဲ့တယ်။ သူတို့ နယ်စပ်မှာရှိတဲ့ ရွှေ့ပြောင်းလူထုတွေ၊ ပြည်သူတွေထဲကနေ နယ်စပ်မှာလာပြီး ဆေးကုကြတဲ့လူတွေရဲ့ အခြေအနေတွေကို မြင်တွေ့သွားခြင်းအားဖြင့် လက်ရှိ ဒုက္ခသည်တွေနဲ့ မြန်မာပြည်က နယ်စပ်ဒေသမှာရှိတဲ့ ရွှေ့ပြောင်း လူထုတွေရဲ့ အခြေအနေတွေက ပုံမှန် အခြေအနေ ပြန်ရောက်လာအောင် စီးပွားရေး အရရော၊ နိုင်ငံရေး အရရော ပြန်လည် ပြုပြင်ပြောင်းလဲမှုတွေ၊ တည်ထောင်မှုတွေနဲ့၊ ဒီကြားထဲမှာ လူမှုရေး ပံ့ပိုးမှုတွေ အများကြီး ဆက်လက် ဆောင်ရွက်နေရမယ်။

“အထူးသဖြင့်တော့ သူ့အနေနဲ့ကလည်း သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုလည်း ဆက်လက် ကြိုးစားသွားဖို့ အတွက်ပေါ့၊ သူ မြန်မာပြည်ထဲရောက်ရင် ဆက်လက် ကြိုးစားသွားဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စတွေကို ဆက်လက် ကြိုးစားသွားမယ်လို့ ပြောသွားတယ်။”

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အလေးထား ပြောဆိုလေ့ ရှိသူလည်း ဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းလိုပဲ အမေရိကန် သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ် (George W.Bush) လက်ထက်ကလည်း သမ္မတကတော် လော်ရာဘုရှ် မယ်လ ဒုက္ခသည်စခန်းနဲ့ ဒေါက်တာ စင်သီယာမောင် ဆေးခန်းကို လာရောက် လည်ပတ်ခဲ့ဖူးပါတယ်။ မကြာသေးခင်လကပဲ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ်စ် ကန်နီ (Kristie Kenney) ဟာလည်း ထိုင်း၊ မြန်မာ နယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းနဲ့ မယ်တော်ဆေးခန်းကို လာရောက်ခဲ့ပြီး ထိုင်း၊ မြန်မာ နယ်စပ်က အခြေအနေတွေကို လေ့လာသွားခဲ့ပါတယ်။

XS
SM
MD
LG