သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာနိုင်ငံ ရောက်ရှိ


အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာ ဒု-သမ္မတ သီဟသူရ တင်အောင်မြင့်ဦးနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်။ ဇွန် ၁၊ ၂၀၁၁။
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာ ဒု-သမ္မတ သီဟသူရ တင်အောင်မြင့်ဦးနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်။ ဇွန် ၁၊ ၂၀၁၁။

ဒီနေ့ မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ အမေရိကန် ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဝါရင့် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းနဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် ၃ ရက်ကြာ အခုလို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် NLD အပါအဝင် တခြား နိုင်ငံရေးပါတီ အဖွဲ့ဝင်တွေနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဗုဒ္ဓဟူးနေ့ကစပြီး သောကြာနေ့အထိ မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး လာရောက်နေကြောင်းနဲ့ သူ့ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ရန်ကုန် အမေရိကန်သံရုံး ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ မစ္စတာ မက်ကိန်းဟာ ဗုဒ္ဓဟူးနေ့မှာ နေပြည်တော်ကို သွားရောက်ပြီး ဒု-သမ္မတ သီဟသူရ တင်အောင်မြင့်ဦး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံမယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။

၂၀၀၈ ခုနှစ်က အမေရိကန် သမ္မတလောင်း အဖြစ်နဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ မက်ကိန်းရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဒုတိယမြောက် ခရီးစဉ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးတဲ့နောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှဒေသဆိုင်ရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း (Joseph Yun) မြန်မာနိုင်ငံကို လာခဲ့ပြီး တလလောက် အကြာမှာ ရောက်လာခဲ့တဲ့ မစ္စတာ မက်ကိန်းဟာ မြန်မာအစိုးရသစ် အဖွဲ့ဘက်က ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် ဘယ်လောက် လေးနက်မှုရှိတယ် ဆိုတာကို အကဲဖြတ်ဖို့ သွားရောက်မှာလို့ အင်္ဂါနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မြန်မာစစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ မစ္စတာ မက်ကိန်း အနေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် လွတ်မြောက်ရေးအတွက် မြန်မာအစိုးရကို တိုက်တွန်း ပြောကြားဖို့ ရှိတယ်လို့ ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ မြန်မာအစိုးရသစ် အဖွဲ့နဲ့ တွေ့ဆုံအပြီးမှာတော့ ရန်ကုန်ကို ပြန်လာပြီး ကြာသပတေးနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“၂ နာရီမှာ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့ စတွေ့ပါမယ်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့အတူ CRPP အဖွဲ့ရဲ့ ခေါင်းဆောင်များလည်း ပါပါမယ်။ CEC နဲ့ တွေ့ပြီးမှ ဒေါ်အောင်ဆန်းစုကြည်က သူ့အိမ်ကနေ လက်ခံ တွေ့မှာပါ။”

အဲဒီတော့ ဦးအုန်းကြိုင်တို့နဲ့ NLD ရုံးချုပ်မှာ တွေ့မှာပေါ့။

“ကျနော်တို့နဲ့က ရုံးချုပ် အစည်းအဝေးခန်းမမှာ တွေ့မှာပါ။”

CEC အဖွဲ့နဲ့ တွေ့ပြီးတော့မှ CRPP နဲ့ တွေ့မှာလား၊ တပြိုင်တည်း တွေ့မှာလား။

“CRPP နဲ့ CEC အဖွဲ့က တပေါင်းတည်း တွေ့မှာပါ။ ၂ နာရီမှာပါ။”

ဘယ်လောက် အချိန်ကြာကြာ တွေ့မယ်လို့ သတ်မှတ်ထားလဲ။

“ကျနော်တို့ အကြမ်းဖျင်း သိတာကတော့ ၃ နာရီခွဲလောက်အထိ ကြာလောက်မယ် ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ အချိန်မှာတော့ ဦးဉာဏ်ဝင်းတို့၊ ဦးဟံသာမြင့်တို့ ရှိနိုင်ပါတယ်။ ကျနော်တို့ CEC နဲ့တွေ့တဲ့ အချိန်မှာတော့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ နောက် CEC အဖွဲ့ဝင်များပေါ့။ အဲဒီမှာ ဒီနေ့အထိ အခြေအနေကတော့ ဆရာဦးဝင်းတင်က ကျန်းမာရေး မကောင်းလို့ တက်ရောက်နိုင်ဖွယ် မရှိပါဘူးခင်ဗျ။ CEC မှာကတော့ ဆရာ မတက်နိုင်ဘူးဆိုရင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ထဲက ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ေ၀ ရှိပါတယ်။ နောက် ကျနော်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါ်မေဝင်းမြင့်၊ ဦးဝင်းမြင့်ပေါ့ဗျာ။ အဲဒါ CEC အဖွဲ့ဝင်တွေ ရှိပါတယ်။”

CRPP ထဲက ဘယ်သူ့ကို ဖိတ်ထားပါလဲ။

“CRPP ခေါင်းဆောင်တွေ အားလုံးကို ဖိတ်ထားတာပါ။ ဦးအေးသာအောင်၊ ဦးထောင်ကိုထန်း၊ ဦးစိုးဝင်း၊ ဦးနိုင်ထွန်းသိန်း စတဲ့ပုဂ္ဂိုလ်တွေ ရှိပါတယ်။”

ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီတခေါက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ခံတွေအပြင် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) နဲ့လည်း တွေ့ဆုံမှာမို့ ဒီလိုတွေ့ဆုံတဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ဖိအားပေး တိုက်တွန်းဖို့ ပြောကြားမယ်လို့ CRPP က ဦးကျင့်ရှင်းထန်က ပြောပါတယ်။

“ပထမဦးဆုံး National Reconciliation လုပ်နိုင်ဖို့ဟာ အရေးကြီးတယ်။ တိုင်းပြည်မှာ စီးပွားရေးလည်း ချွတ်ခြုံကျနေတယ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မလုပ်မချင်း ကျနော်တို့ တိုင်းပြည်မှာ တိုးတက်မှုက ဘယ်အစိုးရပဲတက်တက် ဖြစ်မှာမဟုတ်ဘူး။ အဲဒါကြောင့် ဒါအရေးကြီးတယ်။ ဒါပေမဲ့ ဒီဥစ္စာ လုပ်ဖို့ဟာက အခု နိုင်ငံရေး အကျဉ်းကျနေတဲ့ ၂,၀၀၀ ကျော်ကို ဒီအတိုင်း ထားနေတာက အဆိုးဆုံးဖြစ်တယ်။ ဒီလူတွေနဲ့ တွေ့ဆုံဆွေးနွေး စကားပြောကြစို့၊ လွှတ်ဖို့ ဖိအားပေးကြပါ ဆိုတာ ကျနော်တို့ တောင်းဖို့က ဒါ အဓိကပဲ။”

မစ္စတာ မက်ကိန်းဟာ NLD CEC နဲ့ CRPP တို့နဲ့ မတွေ့ခင်မှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အပြင် တခြားပါတီတွေက ကိုယ်စားလှယ် ၅ ဦးနဲ့လည်း နေ့လယ် ၁၂ နာရီမှာ တွေ့ဆုံဖို့ ရှိတယ်လို့ ပါတီခေါင်းဆောင် ဦးသုဝေက ပြောပါတယ်။

“မနက်ဖြန် နေ့လယ် ၁၂ နာရီ အမေရိကန် သံမှူးရဲ့အိမ်မှာ၊ ကျနော်တို့နဲ့ကတော့ NDF က ဦးခင်မောင်ဆွေ ပါမယ်၊ တစညက ဦးခင်မောင်ကြီး ပါမယ်၊ ပြီးတော့ တခြားပါတီက ၂ ယောက်ပါမယ်၊ နောက် ရခိုင်နဲ့ ၅ ယောက်ပေါ့၊ ကျနော်တို့ ချိန်းထားတာ။“

မစ္စတာ မက်ကိန်းဟာ သောကြာနေ့မနက် ၈ နာရီ ၄၅ မိနစ်မှာ ဒဂုံမြို့နယ် တော်ဝင်လမ်းမှာရှိတဲ့ အမေရိကန် စင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ ရှိတယ်လို့ ရန်ကုန် အမေရိကန်သံရုံးက အတည်ပြု ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG