သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုကူညီရေး အဖွဲ့တွေကို ဂျွန်မက်ကိန်း အားပေး


မစ္စတာ ဂျွန်မက်ကိန်း တောင်ဒဂုံမြို့နယ်ရှိ HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ကြည့်ရှုနေစဉ်။ ဇွန် ၂၊ ၂၀၁၁။
မစ္စတာ ဂျွန်မက်ကိန်း တောင်ဒဂုံမြို့နယ်ရှိ HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ကြည့်ရှုနေစဉ်။ ဇွန် ၂၊ ၂၀၁၁။

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်းဟာ ဒီနေ့ နိုင်ငံရေး အကျဉ်းသားဟောင်း တချို့နဲ့ တွေ့ဆုံခဲ့ပြီး ထောင်တွင်း အခြေအနေတွေကို မေးမြန်းခဲ့သလို ရန်ကုန်က လူမှုရေး လုပ်ငန်းတွေကိုလည်း သွားရောက် အားပေးစကား ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံထဲက အကျဉ်းထောင်တွေထဲမှာ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ နေခဲ့ဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တချို့နဲ့အတူ မကြာသေးခင် ရက်ပိုင်းတွေကမှ အကျဉ်းထောင်တွေက ပြန်လည် လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တချို့နဲ့ပါ မစ္စတာ ဂျွန်မက်ကိန်း ဒီနေ့ နေ့လယ်က တနာရီကျော်ကြာ တွေ့ဆုံပြီး ထောင်တွင်းက အခြေအနေတွေကို မေးမြန်း နားထောင်ခဲ့ပါတယ်။

အထူးသဖြင့် သူ့ခရီးစဉ်အတွင်း အစိုးရအဖွဲ့နဲ့ တွေ့တဲ့အခါ မြန်မာနိုင်ငံထဲက နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး ကိစ္စကို အဓိက ပြောဆိုခဲ့တာမို့ အခုလို နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ပြောပြချက်တွေကို မစ္စတာ ဂျွန်မက်ကိန်း အလေးအနက် နားထောင်ခဲ့သလို သူသိလိုတဲ့ အခြေအနေတွေကိုလည်း အသေအချာ မေးခဲ့တယ်လို့ ဒီနေ့ ကိုယ်တိုင် သွားတွေ့ခဲ့သူထဲက တဦးဖြစ်တဲ့ လူငယ်အဆိုတော် ကိုဇေယျာသော်က ပြောပါတယ်။

“ကျနော်တို့က လက်ရှိ အကျဉ်းထောင်ထဲက နောက်ဆုံး ပြန်ထွက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တဲ့အတွက် သူ့အနေနဲ့ကတော့ ဒါကို အဓိကထားပြီး မေးသွားတယ်လို့ ပြောလို့ရပါတယ်။ သူ့အနေနဲ့ လက်ရှိ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ လွတ်မြောက်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အတတ်နိုင်ဆုံး တွန်းအားပေး ဆောင်ရွက်သွားမယ်ဆိုတဲ့ စကားကိုတော့ ကြားခဲ့ရပါတယ်။

“လက်ရှိ ဗမာ့နိုင်ငံရေး အခင်းအကျင်းပေါ်မှာ အမေရိကန် အနေနဲ့ ဘယ်လိုအရာတွေကို ပံ့ပိုးကူညီ ပေးနိုင်မလဲ ဆိုတာရယ်၊ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေရယ်၊ ဒီ ၂ ချက်ကို အဓိကထားပြီး မေးသွားပါတယ်။”

မစ္စတာ ဂျွန်မက်ကိန်းနဲ့အတူ နိုင်ငံရေး အကျဉ်းသားဟောင်းတွေဟာ ရန်ကုန်မှာရှိတဲ့ စားသောက်ဆိုင် တခုအတွင်း တွေ့ခဲ့ကြတဲ့အထဲ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီး ဝင်းထိန်၊ ဦးစောနိုင်းနိုင်း၊ ဦးဇော်ညွန့်၊ ကိုသိန်းဆွေအပြင် ကိုဇေယျာသော်နဲ့အတူ တခြား အချို့လည်း ပါဝင်ပါတယ်။

အထူးသဖြင့်ကတော့ အကျဉ်းထောင်တွေမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို အစိုးရက အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံက ပိုမိုဖိအားပေး ဆောင်ရွက်ဖို့ မေတ္တာရပ်ခံချက်တွေ အပါအဝင် လျှော့ရက်ခံစားခွင့် မရှိကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေ၊ နိုင်ငံရေး အကျဉ်းသား မရှိပါဘူးလို့ အစိုးရရဲ့ ပြောဆိုချက်တွေနဲ့အတူ ထောင်တွင်း အကျဉ်းသား အခွင့်အရေး ဆုံးရှုံးနေမှု၊ မိသားစုတွေနဲ့ ပုံမှန်တွေ့ခွင့်မရတဲ့ အကြောင်းတွေကိုလည်း မစ္စတာ ဂျွန်မက်ကိန်းကို တွေ့ခဲ့ကြသူတွေက ပြောပြခဲ့ကြပါတယ်။

တခါ ဒီကနေ့ ဇွန်လ ၂ ရက် မနက် ၉ နာရီမှာတော့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ NLD ပါတီက လူငယ်တွေ စုပေါင်းဖွင့်လှစ်ထားတဲ့ တောင်ဒဂုံက HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး ဂေဟာကို သွားရောက်ပြီး ဝေဒနာရှင်တွေကို သွားပြီး လေ့လာခဲ့ပါတယ်။ ရောဂါအခြေအနေ အမျိုးမျိုးတွေနဲ့အတူ ဆင်းရဲချို့တဲ့စွာ နေနေကြရတဲ့ လူနာတွေကို မစ္စတာ ဂျွန်မက်ကိန်းက တရင်းတနှီး နှုတ်ဆက်ရင်း အမေရိကန်နိုင်ငံက ဒီလို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို တတ်နိုင်သလောက် ကူညီသွားမယ်ဆိုပြီး အားပေးသွားတယ်လို့လည်း ဒီ HIV/AIDS ဂေဟာကို ဦးဆောင်နေသူ မဖြူဖြူသင်းက ပြောပြပါတယ်။

“လူနာတွေကို ကြည့်တယ်၊ ကြည့်ပြီးတော့ လူနာတွေ အကုန်လုံးနဲ့ သူ ဓာတ်ပုံတွေ တွဲရိုက်သွားတယ်။ သေသေချာချာ စားတာ၊ သောက်တာကအစ သူလိုက်ကြည့်တယ်။ သူ တော်တော်တော့ စိတ်မကောင်း ဖြစ်တာကို တွေ့ရတယ်။ တွေ့ပြီး မေးတာတော့ ဘယ်လိုတွေ အခက်အခဲ ရှိနေလဲ၊ သူတို့အနေနဲ့ ဘာတွေ ကူညီပေးရမလဲပေါ့၊ အဲဒါ အဓိကထားပြီး မေးတယ်။

“သူ့ကို သေချာ ရှင်းပြလိုက်တယ်၊ ကျမတို့ လိုအပ်ချက်တွေ ဒါတွေရှိတယ်၊ ဒါတွေလုပ်နေရတယ်ပေါ့နော်။ သူလည်း မြင်သွားတယ်ပေါ့။ ဘာပဲပြောပြော ဒီကိုလာကြည့်တယ် ဆိုကတည်းက၊ အမေရိကန် ထိပ်တန်း ခေါင်းဆောင်တဦးက အသိအမှတ်ပြုပြီး လာကြည့်တယ် ဆိုကတည်းက ကျမတို့လည်း တော်တော်လေးကို ကျေးဇူးတင်တာပေါ့။”

မစ္စတာ ဂျွန်မက်ကိန်းဟာ HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး ဂေဟာမှာ တနာရီကျော်ကြာ လေ့လာခဲ့ပြီးတဲ့နောက် ဒဂုံမြို့သစ် မြောက်ပိုင်းက ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်းဆီ သွားခဲ့ပါတယ်။ အဲဒီမှာလည်း ၁ နာရီကျော်ကြာ လုပ်ငန်းအခြေအနေတွေ လေ့လာခဲ့သလို ဒီလို လူမှုရေး လုပ်ငန်းတွေမှာ အာဏာပိုင်တွေရဲ့ ဖိအားပေး ခံနေရတဲ့ အခြေအနေတွေကိုလည်း မစ္စတာ ဂျွန်မက်ကိန်းကို ပြောပြခဲ့တယ်လို့ ဦးကျော်သူက ပြောပါတယ်။

“ကျနော်တို့က လူမှုရေး လုပ်ငန်းသက်သက် ဖြစ်ပါတယ်။ နိုင်ငံတော်ကို ပုန်ကန်တဲ့ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ ကျနော်တို့က တဖက်တလမ်း ကူညီတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီလိုလုပ်တဲ့ အနေအထားမှာ ကျနော်တို့ကို နှောင့်ယှက်တာ၊ ကန့်သတ်တာတွေ မလုပ်သင့်ဘူး ဆိုတာ ကျနော် ပြောလိုက်ပါတယ်။ လိုက်ပြီးတော့ ကန့်သတ်တာ၊ ချုပ်ချယ်တာ မလုပ်သင့်ပါဘူးလို့ ကျနော် ပြောလိုက်ပါတယ်။

“မနေ့က သူ တကယ့် တိုက်တာ ခန့်ညား ထည်ဝါတဲ့၊ အရောင်တဖိတ်ဖိတ် တောက်နေတဲ့ အဆောက်အဦးကြီးတွေ တွေ့ခဲ့တယ်ပေါ့၊ ဒီနေ့ကျတော့ သူ့ရဲ့အမြင်မှာ တကယ်ကို စိတ်ထိခိုက်ရတယ်လို့ ပြောပါတယ်။”

နာရေးကူညီမှုအသင်းကို ဦးဆောင်လှုပ်ရှားနေသူ ဦးကျော်သူ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်ကို ၃ ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ မနေ့ကတော့ နေပြည်တော်က ဒု-သမ္မတ အပါအဝင် အစိုးရ အဖွဲ့တွေနဲ့ တွေ့ခဲ့သလို ဒီကနေ့မှာတော့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ လူမှုရေး လုပ်ငန်းတွေအပြင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကနေ့ ညနေပိုင်းမှာ သီးသန့် တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG