မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ပြန်လည်ဝင်ရောက် စစ်ဆေးခွင့် ရလာနိုင်တယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က ပြောပါတယ်။ ဒီလို ICRC အဖွဲ့ကို အကျဉ်းထောင်တွေတွင်း ၀င်ရောက် စစ်ဆေးခွင့် ပေးမယ်ဆိုရင် အကျဉ်းထောင်တွင်း ဆိုးဝါးတဲ့ အခြေအနေတွေနဲ့ ကြုံနေရတဲ့ အကျဉ်းသားတွေရဲ့ အခြေအနေတွေဟာ အများကြီး တိုးတက်လာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
အကျဉ်းထောင်တွေထဲကို ၀င်ရောက်စစ်ဆေး ကြည့်ရှုခွင့် ပိတ်ပင်ခံထားရတဲ့ ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးကို မြန်မာအစိုးရက မကြာခင် အကျဉ်းထောင်တွေထဲ ပြန်လည်ဝင်ရောက်ခွင့် ပေးနိုင်တဲ့ အခြေအနေတွေ ရှိလာနိုင်တယ်လို့ မစ္စတာ ဂျွန်မက်ကိန်းက ဒီနေ့ ရန်ကုန်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်အတွင်း ထည့်ပြောသွားတာပါ။
ICRC အဖွဲ့ကြီးဟာ စစ်အစိုးရလက်ထက် ၂၀၀၆ ခုနှစ်ကတည်းက အကျဉ်းထောင်တွေထဲ ၀င်ရောက် စစ်ဆေးခွင့် ပိတ်ပင်ခံထားရတာမို့ အခု ပြန်ပြီးတော့ ခွင့်ပြုမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေအတွက် ကောင်းမွန်တဲ့ အခြေအနေတခု ရနိုင်လိမ့်မယ်လို့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင်နေသူ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“မစ္စတာ ဂျွန်မက်ကိန်း လာပြီးနောက်ပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတဲ့ အခြေအနေအရ ဆိုရင် မကြာခင်မှာ အကျဉ်းထောင်တွေ အတွင်းကို ICRC ပြန်ပြီးတော့ ၀င်ရောက်ခွင့် ရလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ICRC ၀င်ရောက်ခွင့် ရမယ်ဆိုရင် အထဲမှာရှိတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေပဲ ဖြစ်ဖြစ်၊ တခြားအကျဉ်းသားတွေပဲ ဖြစ်ဖြစ် လူသားဆန်စွာ နေထိုင်နိုင်မယ့် အခြေအနေတွေဟာ ပိုပြီး ကောင်းမွန်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။
“အကျဉ်းထောင်တွေမှာ ရှိနေတဲ့ အခြေအနေတွေမှာ တချို့ အာဏာပိုင်တွေက သူတို့ သဘောဆန္ဒ အလျောက် ဆောင်ရွက်တဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။ ဒီလိုဆောင်ရွက်မှုတွေက ဥပဒေဘောင် အပြင်ကို ရောက်သွားတဲ့ အခါမျိုးမှာ ဘယ်လိုမှ အကာအကွယ် မပေးနိုင်ပါဘူး။ အဲဒီ အကာအကွယ် ပေးနိုင်ဖို့အတွက် ဆိုရင် ICRC လို အဖွဲ့အစည်းမျိုး အကျဉ်းထောင်တွေထဲကို ၀င်ရောက်စစ်ဆေးခွင့် ရတာ ကောင်းမွန်တဲ့ လက္ခဏာပါ။ ဒီအတွက် ကျနော်တို့ ကြိုဆိုပါတယ်။”
ပြီးခဲ့တဲ့ မေလကုန်ပိုင်းအတွင်း နိုင်ငံရေး အကျဉ်းသား အခွင့်အရေးတွေအတွက် ထောင်တွင်း အစာငတ်ခံ ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပြီး နောက်ပိုင်း ဒီဆန္ဒပြသူတွေရဲ့ အခြေအနေကို စိုးရိမ်တဲ့အတွက် ICRC အဖွဲ့နဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က သွားရောက် တွေ့ဆုံစဉ်တုန်းကလည်း အကျဉ်းထောင်တွေထဲကို ပြန်လည်ဝင်ခွင့် ရနိုင်ဖို့အတွက် အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ် ဆိုတာကိုလည်း သိခဲ့ရတယ်လို့ ဆက်ပြောပြပါတယ်။
“ICRC အကျဉ်းထောင်ထဲ ၀င်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေ ရှိသလားလို့ ကျနော်တို့က မေးမြန်းတဲ့ အပေါ်မှာ သူတို့ကတော့ တစိုက်မတ်မတ် အကျဉ်းထောင်တွေထဲကို ပြန်လည် ၀င်ရောက်နိုင်ဖို့အတွက် သူတို့ ကြိုးပမ်းနေပါတယ်။ ဒီအတွက်လည်း သူတို့ဘက်က ဆောင်ရွက်ခွင့် ရနိုင်အောင် အခုလက်ရှိ ပြောင်းလဲလာတဲ့ အစိုးရသစ်နဲ့လည်း ဆွေးနွေးနေတယ်ဆိုတဲ့ အခြေအနေတွေကို ကျနော်တို့ ကြားရပါတယ်။”
ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးဟာ အကျဉ်းထောင်တွေတွင်းက ကျန်းမာရေးဆိုင်ရာ အခြေအနေတွေ၊ ထောင်တွင်းမှာ အကျဉ်းသားတွေ နေထိုင်မှု ကိစ္စတွေကို ၂၀၀၀ ခုနှစ်လောက် ကတည်းက စတင် ဆောင်ရွက်လာတာဖြစ်ပြီး နယ်ထောင်တွေက နိုင်ငံရေး အကျဉ်းသားတွေကို သွားတွေ့နိုင်ဖို့ မိသားစုတွေကို ခရီးစရိတ် ကူညီပေးတာတွေကို လုပ်ခဲ့တာပါ။ အဲဒီနောက်ပိုင်း အကျဉ်းထောင်တွေအတွင်း တိုးတက်မှု အခြေအနေတချို့ ရှိခဲ့ပေမဲ့ ပြန်ပြီး ပိတ်ပင်ခံလိုက်ရတဲ့ အချိန်ကစလို့ ထောင်ထဲမှာ ဆိုးဝါးမှု အခြေအနေတွေ ရှိနေတယ်လို့လည်း ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“ICRC ၀င်ရောက်လာပြီးတဲ့ နောက်ပိုင်း အခြေအနေမှာ အကျဉ်းထောင်တွေ အတွင်းမှာ အရင်က သမံတလင်းပေါ်မှာ အိပ်နေရတဲ့ အခြေအနေကနေ ကွပ်ပျစ်နဲ့ အိပ်နိုင်တဲ့ အခြေအနေမျိုးကို ICRC က ကျနော်တို့ဆီကို ဒီအခွင့်အရေးတွေ ရအောင် သယ်ဆောင်နိုင်ခဲ့ပါတယ်။ ICRC ပြန်ထွက်သွားပြီးတဲ့ အခြေအနေ နောက်ပိုင်းမှာတော့ အကျဉ်းထောင်တွေထဲမှာ ဖြစ်ပေါ်နေတဲ့ တခြား ဆေးဝါးကုသမှုဆိုင်ရာ အခြေအနေတွေကစပြီး အခက်အခဲတွေ ဖြစ်လာပါတယ်။
“အပြင်မှာရှိတဲ့ ယုံကြည်ချက် အကျဉ်းသားတွေရဲ့ မိသားစုတွေကို ကူညီပေးမှုဟာ အတော်ကို အားကောင်းပါတယ်။ ခရီးစရိတ် ၂ ယောက်စာ ထုတ်ပေးတဲ့ဟာမျိုး ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ICRC ၀င်ရောက်ခွင့် မရှိတော့တဲ့ နောက်ပိုင်းမှာ ICRC ရနေတဲ့ ဘတ်ဂျက်က နည်းလာတဲ့အတွက် ကူညီပေးမှုကလည်း နည်းသွားပါတယ်။ နည်းသွားတဲ့အတွက် အကျဉ်းသား မိသားစုတွေမှာ အခက်အခဲ ရှိပါတယ်။”
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဦးဆောင်နေသူ ကိုဖြိုးမင်းသိန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ICRC အဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး အကျဉ်းသားကိစ္စတွေ အပါအ၀င် ကလေးစစ်သား စုဆောင်းခံရမှုတွေနဲ့အတူ အသက်မပြည့်ဘဲ ထောင်ထဲကို ရောက်နေကြတဲ့ ကလေးသူငယ်တွေရဲ့ ကိစ္စတွေမှာလည်း ကူညီပေးနေတာမျိုးတွေ ရှိပါတယ်။