သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီလက်ရုံး လွှတ်တော်အမတ် John McCain ဦးနှောက်ကင်ဆာဖြစ်


၂၀၁၁ ခုနှစ် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် ဂျွန် မက်ကိန်း။
၂၀၁၁ ခုနှစ် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရသည့် ဂျွန် မက်ကိန်း။

အမေရိကန်ပြည်ထောင်စုမှာ အထင်ကရ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း (John McCain) မှာ ဦးနှောက်ကင်ဆာရောဂါ ရှိနေတာကို စစ်ဆေးတွေ့ရှိရတဲ့ အကြောင်း အရီဇိုးနားပြည်နယ်၊ Phoenix မြို့၊ Mayo Clinic ဆေးရုံက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက် ပါတယ်။

သူ့ရဲ့ ဘယ်ဖက်မျက်လုံးအပေါ်မှာ သွေးခဲတခုကိုဖယ်ရှားဖို့ ပြီးခဲ့တဲ့သီတင်းပတ်က အသေးစား ခွဲစိတ်မှုတခုလုပ်ပြီးတဲ့နောက် ကင်ဆာကျိတ်ကို တွေ့လိုက်ရတာပါ။

ကုသမှုခံယူဖို့အတွက် နောက်ထပ်နည်းလမ်းတွေကို Mayo Clinic ဆေးရုံက သူ့ကိုကုသပေးနေ တဲ့အဖွဲ့နဲ့အတူ မစ္စတာမက်ကိန်းနဲ့ သူ့မိသားစုတို့ လေ့လာဆန်းစစ်နေကြကြောင်း၊ ကုသမှုခံယူ မယ့်နည်းလမ်းတွေထဲမှာ ဓာတုနည်းလမ်းကုထုံးနဲ့ ဓာတ်ရောင်ချည်သုံး ကုထုံးတွေလဲ ပါဝင်နိုင် ခြေရှိကြောင်း ဆေးရုံက ပြောပါတယ်။

အသက် ၈၀ အရွယ် အထက်လွှတ်တော်အမတ် မစ္စတာမက်ကိန်းဟာ ၂၀၀၀ ပြည့်နှစ်က တကြိမ်၊ ၂၀၀၈ ခုနှစ်ကတကြိမ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြုဝင်ခွင့်ရဖို့ ကြိုးစားခဲ့ဖူးပါတယ်။

သူဟာ အမေရိကန်ရေတပ် စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး ဗီယက်နမ်စစ်ပွဲကာလတုန်းက ပါဝင် ခဲ့ပြီးတော့ စစ်မှုထမ်းထူးချွန်ဆုတံဆိပ်တွေလဲ ရခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် အောက်တိုဘာလမှာ တော့ အဲဒီအချိန် မြောက်ဗီယက်နမ်တပ်ဖွဲ့တွေရဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရပြီး ဒဏ်ရာရ ထားတဲ့ကြားကပဲ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပါတယ်။ စစ်သုံ့ပန်းအဖြစ် ၅ နှစ်ခွဲကြာ အကျဉ်းကျခံခဲ့ရ ပြီးတဲ့နောက် ၁၉၇၃ ခုနှစ်၊ မတ်လမှာမှ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

မစ္စတာမက်ကိန်းဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် အထူး တွန်းအား ပေးလုပ်ဆောင်ခဲ့သူတဦးဖြစ်ပြီး လက်ရှိ အထက်လွှတ်တော် လူများစုခေါင်းဆောင် မစ်ချ် မက်ကွန်းနဲလ် (Mitch McConnell) နဲ့ လက်တွဲပြီးတော့ မြန်မာ့အရေး လုပ်ဆောင်ချက်တွေမှာ ထင်ရှားပါတယ်။ စစ်ဘက်ကအုပ်ချုပ်တဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက် လာအောင် တွန်းအားပေးတဲ့အနေနဲ့ စစ်အစိုးရအဆက်ဆက်ပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ် ရေး အားပေးထောက်ခံခဲ့သူလဲဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ အထက်လွှတ်တော်အမတ် ဘန်န် ကာဒင် (Ben Cardin) နဲ့ ပူးတွဲပြီးတော့ ပါတီ နှစ်ရပ်စလုံးက အမတ်တွေရဲ့ ထောက်ခံချက်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်းတရပ်ကို အဆို ပြု တင်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သူမတူအောင် ထူးခြားတဲ့ တိုးတက်မှုတွေ ပေါ်ပေါက်လာ တာကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့မူဝါဒကို ပြန်လည်ဆန်းစစ်ဖို့ လိုအပ်လာကြောင်း၊ ၂၀၁၆ ခုနှစ်၊ မြန်မာနိုင်ငံ မဟာဗျူဟာဥပဒေလို့ဆိုရမယ့် The Burma Strategy Act of 2016 ဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ မြန်မာလူထု ငြိမ်းချမ်းရေးတို့ကို ဦးတည်ပြီး တိုးတက်မှုတွေ ဆက်ဖြစ်လာအောင် ပံ့ပိုးကူညီမယ့် မိမိတို့နှစ်နိုင်ငံကြားဆက်ဆံရေး ခေတ်သစ်ကို ဖော်ဆောင် ဖို့ ရည်ရွယ်တာဖြစ်ကြောင်း ဥပဒေမူူကြမ်းနဲ့ပတ်သက်တဲ့ အဲဒီအချိန် ထုတ်ပြန်ချက်တခုမှာ မစ္စတာမက်ကိန်းက ပြောခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်၊ မေလမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပအပြီး နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပြီးတဲ့နောက် ၂၀၁၁ ခုနှစ် ဇွန်လဆန်းမှာ မစ္စတာမက်ကိန်း မြန်မာနိုင်ငံကို သုံးရက်ကြာ လာရောက်ခဲ့ပြီးတော့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

၁၉၉၆ ခုနှစ်တုန်းက ပထမအကြိမ် မြန်မာနိုင်ငံကိုလာခဲ့ဖူးပြီး အဲဒီအချိန်တုန်းကတော့ နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာပဲ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG