သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူမက်ကိန်းကို ကန်ဒုသမ္မတဟောင်းဘိုင်ဒင် ချီးကျူးဂုဏ်ပြု


ဒီမိုကရက် ဒု သမ္မတဟောင်း ဂျိုးဘိုင်ဒဲန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ ဈာပနအခမ်းအနားမှာ မျက်ရည်ကျရင်း ချီးကျူးစကား ပြောကြားစဉ်။
ဒီမိုကရက် ဒု သမ္မတဟောင်း ဂျိုးဘိုင်ဒဲန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ ဈာပနအခမ်းအနားမှာ မျက်ရည်ကျရင်း ချီးကျူးစကား ပြောကြားစဉ်။

ကွယ်လွန်သူ အထက်လွှတ်တော်အမတ် John McCain ဟာ ဂုဏ်သိက္ခာတည်ကြည်သူ၊ သတ္တိရှိသူ၊ တိုင်းပြည်တာဝန် ကျေပြွန်သူတဦးအဖြစ် ဘဝတလျှောက် ကျင့်ကြံနေထိုင်ခဲ့သူ မိတ်ဆွေတဦး ဖြစ်ကြောင်း ဒုသမ္မတဟောင်း Joe Biden ကပြောဆိုလိုက်ပါတယ်။

အသက် ၈၁ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့သူ McCain နှစ်ပေါင်း ၃၀ ကျော် ကိုယ်စားပြုခဲ့တဲ့ မဲဆန္ဒ နယ်မြေဖြစ်တဲ့ Arizona ပြည်နယ်မြို့တော် Phoenix မှာ မနေ့တုန်းက ကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာပဲ ဒုသမ္မတဟောင်း Biden က McCain ဟာ စံနမူနာယူရမယ့် စရိုက်လက္ခဏာရှိသူ တဦးအဖြစ် ပြောဆိုခဲ့တာပါ။ ဦးနှောက်ကင်ဆာရောဂါ အချိန်အတော်ကြာ ခံစားခဲ့ရပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကွယ်လွန်သွားခဲ့တဲ့ စစ်ပြန်သူရဲကောင်းလည်းဖြစ်၊ ဝါရင့်လွှတ်တော်အမတ် လည်း ဖြစ်တဲ့ McCain ကို နောက်ဆုံးအကြိမ်အဖြစ် ဂုဏ်ပြုတဲ့ အခမ်းအနားအတွင်း၊ ဒီမိုကရက်တစ် ပါတီဝင် တဦးဖြစ်တဲ့ ဒုသမ္မတဟောင်း Biden က ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီက McCain နဲ့ မိတ်ဆွေအဖြစ် ရင်းနှီးမှုဟာ နိုင်ငံရေး သဘောထားကွဲလွဲမှုတွေကို ကျော်လွှားနိုင်ခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

McCain ရဲ့ ရပ်တည်ချက်ဟာ အသက်အရွယ် အပိုင်းအခြားမရှိကြောင်း၊ နိုင်ငံရေးထက် အခြေခံ စံတန်ဘိုးတွေကို အလေးထားသူဖြစ်ကြောင်း ဒုသမ္မတ Biden က ပြောဆိုခဲ့တာပါ။ လူတယောက် မှာ အခြေခံကျင့်ဝတ်တွေ၊ လေးစားစရာတွေ ကင်းမဲ့ပြီဆိုရင် သူနဲ့လမ်းခွဲရလေ့ ရှိသလို အာဏာ အလွဲသုံးစားလုပ်တဲ့ လုပ်ရပ်မျိုးကို သည်းခံတတ်သူ မဟုတ်ကြောင်းလည်း ပြောဆိုသွားပါတယ်။ ဒုသမ္မတ Biden ဟာ ကွယ်လွန်သူ McCain နဲ့ အထက်လွှတ်တော်မှာ နှစ်ပေါင်းများစွာ ယှဉ်တွဲ အလုပ်လုပ်ခဲ့ဖူးသူ တဦးဖြစ်ပြီး ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ McCain နဲ့ ယှဉ်ပြိုင် အနိုင်ရခဲ့ တဲ့ သမ္မတဟောင်း Barack Obama အစိုးရမှာ ဒုသမ္မတအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

မကွယ်လွန်ခင်မှာပဲ သူ့ဈာပန အခမ်းအနားမှာ အမှာစကားပြောဖို့ သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ Obama နဲ့ George W. Bush တို့ကို ဖိတ်ကြားထားပြီး မနက်ဖြန် စနေနေ့ ဝါရှင်တန်ဒီစီက အထင်ကရ Cathedral ဘုရားကျောင်းက အခန်းအနားမှာ သမ္မတဟောင်းတွေ တက်ရောက် စကားပြောဖို့လည်း စီစဉ်ထားတာပါ။ တနင်္ဂနွေနေ့မှာတော့ သူတက်ရောက်ခဲ့ဖူးတဲ့ မေရီလန်းပြည်နယ်က Annapolis ရေတပ်စစ်တက္ကသိုလ်မှာ မြှုပ်နှံသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

ကွယ်လွန်သူမက်ကိန်းကို ကန်ဒုသမ္မတဟောင်းဘိုင်ဒင် ချီးကျူးဂုဏ်ပြု
please wait

No media source currently available

0:00 0:01:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG