မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) နဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေ တွေ့ဆုံတဲ့အခါ အဲဒီပါတီတွေက Sanction ရုပ်သိမ်းရေးကိစ္စ တင်ပြဖို့ ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးမှုကြောင့် အမေရိကန် အစိုးရက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားပေမဲ့ ထိရောက်မှု မရှိတဲ့ ဒီပိတ်ဆို့မှုတွေကို ရုပ်သိမ်းသင့်တယ်လို့ ဒီမိုကရေစီ မိတ်ဆွေများ ပါတီက ပြောလိုက်ပါတယ်။ မစ္စတာ မက်ကိန်းနဲ့ မနက်ဖြန်နေ့လယ် တွေ့တဲ့အခါ ဒီပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရေးအတွက် အဓိက ဆွေးနွေး တင်ပြသွားမယ်လို့လည်း ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်တရပ်ကို ဖော်ဆောင်ခြင်း မရှိတဲ့ အတွက်ရော၊ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ အခြေအနေတွေကြောင့်ပါ အမေရိကန် အစိုးရက ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ဆက်ဆံလာတာ ၁၀ စုနှစ်ကျော် ရှိနေပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေဟာ တိုးတက် ပြောင်းလဲလာခြင်း မရှိခဲ့သလို ဒီပိတ်ဆို့မှုတွေဟာ ပြည်သူလူထုကိုသာ ထိခိုက်နေတယ်လို့ ဒီမိုကရေစီ မိတ်ဆွေများပါတီက ပြောပါတယ်။
ဒါကြောင့် မနက်ဖြန် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ တွေ့တဲ့အခါ အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုဟာ ထိရောက်မှု မရှိဘူး ဆိုတာကို NDF ပါတီက အဓိက တင်ပြဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ မနက်ဖြန် မစ္စတာ ဂျွန်မက်ကိန်းကို သွားတွေ့မယ့် NDF ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲ တိုးတက်မှုတွေ မရှိဘဲနဲ့ ဆက်ပြီးတော့ ထပ်ပိတ်ဦးမယ်ဆိုရင် ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဆက်ပိတ်ဖို့ စဉ်းစားတာလဲ၊ အဲဒီလို ပိတ်တဲ့အတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးတွေ တိုးတက်လာလိမ့်မယ်လို့ ဘယ်လို အာမခံချက်တွေများ မြင်ထားတာ ရှိပါသလဲလို့ သူ့ကို မေးရတော့မှာပဲ။
“အခြေခံ ပြည်သူတွေ သွယ်ဝိုက်ပြီး ထိခိုက်နေတယ်၊ ဆင်းရဲတွင်း နက်နေကြတဲ့ ပြည်သူတွေကို မထောက်ပံ့နိုင်ဘူး ဆိုတာတွေ ရှိနေတာ သိပါလျက်နဲ့ ဘာကြောင့် ခင်ဗျားတို့ ဆက်လုပ်ရသလဲဆိုတဲ့ အကြောင်းကို ကျနော်တို့ ဆွေးနွေးမှာပါ။”
အခုလို ပိတ်ဆို့ အရေးယူမှုတွေ ရှိနေပေမဲ့ မြန်မာနိုင်ငံထဲမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မလာဘူး ဆိုရင် ဒီပိတ်ဆို့ ဒဏ်ခတ်ထားတာတွေ ရုပ်သိမ်းလိုက်ရင်ရော အခြေအနေတွေ ပြောင်းလဲပြီး တိုးတက်သွားမယ်လို့ ထင်ပါသလားဆိုတဲ့ မေးခွန်းကိုတော့ ဦးခင်မောင်ဆွေက…
“ရုပ်သိမ်းလိုက်မယ် ဆိုရင်တော့ ပြည်သူတွေဟာ Sanction ရုပ်သိမ်းတဲ့အတွက် နိုင်ငံတကာ ဈေးကွက်ကြီးနဲ့ ထိစပ်မှု ရှိမယ်၊ အရင်းအမြစ်တွေ ရလာမယ်၊ ပြီးတော့ နည်းပညာတွေ ရလာမယ်ဆိုရင် လူမှု ပတ်ဝန်းကျင်ကြီးက ပိုစိုပြည်လာပြီးတော့ လုပ်ငန်းကိုင်ငန်းတွေ ပွင့်လင်းလာမယ့် အနေအထားတွေ ရရှိလာမှာပေါ့။
“ကျနော်တို့ နိုင်ငံမှာတော့ လူ့အခွင့်အရေး Record တွေမကောင်းလို့ ပိတ်တယ်။ တခြား ကျနော်တို့နိုင်ငံ အနီးမှာ ရှိနေတဲ့ နိုင်ငံတွေမှာ လူ့အခွင့်အရေး မကောင်းတာ တန်းတူဖြစ်သော်လည်း ကျနော်တို့ကျတော့ ပိတ်ပြီး တခြားနိုင်ငံကျတော့ မဟာဗျူဟာ စီးပွားဘက်တောင်မှ ဖြစ်အောင် လုပ်သွားတဲ့ဟာတွေက အမေရိကန် အစိုးရအဖို့ ပြန်လည် စဉ်းစားသင့်ပြီလို့ ကျနော်တို့က ပြောချင်တဲ့ အပိုင်းတွေလည်း ရှိပါတယ်။”
NDF ပါတီက ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့၊ ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ၊ ကချင်ပါတီအပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက တပါတီကို ကိုယ်စားလှယ် တဦးစီ ၅ ဦးနဲ့ မနက်ဖြန် ရန်ကုန်မှာ ဂျွန်မက်ကိန်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ကိုယ်စားပြုပြီး တက်မယ့် ဦးအုန်းတင်ကတော့ မစ္စတာ မက်ကိန်းနဲ့ တွေ့တဲ့အခါ ဒီပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အချက် ၃ ချက်ကို သူတို့ပါတီက တင်ပြဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
“ဥပမာ အမေရိကန် အစိုးရ အနေနဲ့ သူတို့ရဲ့ လိုချင်တဲ့ အတိုင်းအတာ အကျိုးသက်ရောက်မှု ရှိသလား၊ မြန်မာပြည်သူတွေ အနေနဲ့ ဘာတွေ ထိခိုက်မှု ရှိနေလဲ၊ မြန်မာပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရရဲ့ လက်ထက်မှာရော သူတို့ကို ဘာတွေကို ဟန့်တားခဲ့လဲဆိုတဲ့ အချက် ၃ ချက်ကို ကျနော်တို့ စဉ်းစားဖို့ လိုပါလိမ့်မယ်။ Sanction ကို ရုပ်ပါလို့တော့ မပြောဘူး၊ ခင်ဗျားတို့ ဒါကို အကျိုးသက်ရောက်မှု ရှိအောင် လုပ်နိုင်သလား၊ Sanction လုပ်ခဲ့တဲ့အတွက် မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီတွေ ပေါ်နေပြီလား၊ တိုးတက်မှုတွေ ရှိနေသလား၊ အဲဒါကို မေးရမယ်။”
ရခိုင်အမျိုးသားများ တိုးတက်ရေး ပါတီက ဦးအုန်းတင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
အခုလို အမေရိကန် အထက်လွှတ်တော်အမတ် တဦးရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးသလို အခုလို ဘက်ပေါင်းစုံ အဖွဲ့တွေရဲ့ အမြင်သဘောထား အမျိုးမျိုးကို နားထောင်မယ် ဆိုတဲ့အတွက် ဒီခရီးစဉ်ဟာ မြန်မာ့အရေးအတွက် အကျိုးဖြစ်ထွန်းမှုရှိမှာ ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက သုံးသပ်ပါတယ်။
“ဂျွန်မက်ကိန်းက သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေနဲ့လည်း တွေ့မယ်၊ နိုင်ငံရေးပါတီ များများနဲ့လည်း တွေ့မယ်ဆိုတော့ ပြည့်ပြည့်စုံစုံ သိသွားရမယ်ပေါ့။ ကျနော်တို့ကတော့ တိုင်းပြည်မှာ ဖြစ်ရှိနေတဲ့ အဖြစ်မှန် အချက်အလက်တွေကို သူ့ကို ပြောပြမှာပေါ့။ ကျနော်တို့လည်း ဘာလုပ်နေတယ်ဆိုတာ သူ့ကို ပြောပြမယ်။ ဒီအစိုးရရဲ့ အခြေအနေတွေလည်း ကျနော်တို့ ရှင်းပြမှာပေါ့။ သူတို့မှာလည်း ဘယ်လို အခက်အခဲတွေ ရှိတယ်၊ သူတို့ ဘယ်လောက်လုပ်နေတယ် ဆိုတာကိုလည်း ကျနော်တို့ ပြောပြမှာပေါ့။”
မစ္စတာ ဂျွန်မက်ကိန်းဟာ မနက်ဖြန် ဒီအဖွဲ့တွေနဲ့ နေ့လယ်ပိုင်းမှာ တွေ့မှာဖြစ်သလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော သူ့ရဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။ အမေရိကန်နိုင်ငံက ရီပတ်ဘလီကန်ပါတီ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ မြန်မာနိုင်ငံက စစ်အုပ်ချုပ်မှုကို ကန့်ကွက်ခဲ့သလို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားမှုတွေကိုလည်း အားပေးထောက်ခံသူ ဖြစ်ပါတယ်။