သုံးရလွယ်ကူစေသည့် Link များ

မြန်မာ၊ အမေရိကန် ဆက်ဆံရေး ကောင်းမွန်ဖို့ လက်တွေ့လုပ်ရပ် လိုအပ်


ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအတွင်း မစ္စတာ ဂျွန်မက်ကိန်း ရှင်းလင်း ပြောကြားနေစဉ်။ ဇွန် ၃၊ ၂၀၁၁။

မြန်မာအစိုးရသစ် အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ပိုပြီးတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရချင်တယ်ဆိုရင် နွေးထွေး ပျူငှာတဲ့ စကားလုံးတွေထက် အပြောင်းအလဲအတွက် လက်တွေ့ကျတဲ့ လုပ်ငန်းတွေ ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က ပြောပါတယ်။ ပြောင်းလဲမှုတွေ မလုပ်နိုင်သေးဘူး ဆိုရင်တော့ အာရပ်ကမ္ဘာမှာလို လူထုရဲ့ တော်လှန် အုံကြွမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း မစ္စတာ မက်ကိန်းက သတိပေးပါတယ်။ ဒီနေ့ မြန်မာနိုင်ငံက ပြန်မထွက်ခွာခင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာခဲ့ပြီးနောက် ဘာအပြောင်းအလဲတွေရှိတယ် ဆိုတာကို လာရောက် ဆန်းစစ်တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဒီနေ့ သောကြာနေ့မှာ ပြီးဆုံးပြီ ဖြစ်ပါတယ်။ မြန်မာအစိုးရဘက်က အမေရိကန်နဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ရှိဖို့အတွက် လိုလားတာကို ပြတ်ပြတ်သားသား တွေ့ရတယ်လို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ မက်ကိန်းက ပြောပါတယ်။

မြန်မာအစိုးရ အဖွဲ့ထဲက မစ္စတာ မက်ကိန်းနဲ့ တွေ့ဆုံခဲ့တဲ့ ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ပြည်ထောင်စုလွှတ်တော် အလှည့်ကျ နာယက ဦးခင်အောင်မြင့်တို့ဟာ အရင် စစ်အစိုးရ လက်ထက်မှာ အယူအဆ တင်းမာသူတွေအဖြစ် ထင်ရှားကြပါတယ်။ ဒီမိုကရေစီရေး အပြောင်းအလဲတွေအတွက် ပါးစပ်က ပြောနေတာထက် လက်တွေ့ ထင်ထင်ရှားရှား လုပ်ပြဖို့ ပြောဆိုခဲ့တယ်လို့ မစ္စတာ မက်ကိန်းက ပြောပါတယ်။

“ဆက်ဆံမှုတွေ တိုးတက် ကောင်းမွန်လာဖို့ ဆိုရင်တော့ နွေးထွေးပျူငှာတဲ့ စကားလုံးတွေနဲ့တင် မဟုတ်ဘဲ လက်တွေ့လုပ်ရပ်တွေ ပြဖို့ လိုပါလိမ့်မယ်။ ကျနော်နဲ့ အမေရိကန်လွှတ်တော် အပါအ၀င် အမေရိကန် ခေါင်းဆောင်ပိုင်းဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်ဖို့ အစိုးရသစ် အနေနဲ့ တကယ်ပဲ ပိုင်းဖြတ်ထားမှု ရှိမရှိဆိုတာကို ဆန်းစစ်မှာ ဖြစ်ပါတယ်။”

ဒီအထဲမှာ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်ပြီး လွှတ်ပေးတာဟာ ထင်ရှားတဲ့ အရေးအကြီးဆုံး လုပ်ရပ်လို့ ဆိုပါတယ်။ သူတို့ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တောင်းဆိုထားတဲ့အတိုင်း ပြန်လွှတ်ပေးဖို့ပါ။

“အရေးကြီးတဲ့ အဆင့်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ပါ။ အများက လေးစား လက်ခံတဲ့ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အဆိုအရတော့ မြန်မာနိုင်ငံထဲမှာ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို ကျင့်သုံးခဲ့တာကြောင့် ထောင်ဒဏ် ချခံထားရတဲ့ အမျိုးသား၊ အမျိုးသမီး ခန့်မှန်းခြေ ၂,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ သူတို့ကို ရာဇ၀တ်မှု ကျူးလွန်သူတွေရယ်လို့ သတ်မှတ်လို့ မရပါဘူး။”

ဒီနိုင်ငံရေး အကျဉ်းသားတွေသာမက မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေရဲ့ နေထိုင်၊ စားသောက်ရတဲ့ အခြေအနေတွေ တိုးတက် ကောင်းမွန်လာစေဖို့ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ လက်လှမ်းမီအောင် ခွင့်ပြုသင့်တယ်လို့ အစိုးရအဖွဲ့ကို တောင်းဆိုခဲ့တာမို့ မကြာခင်မှာပဲ ICRC သွားရောက်နိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကြာခင်သွားဖို့ စီစဉ်နေတဲ့ နယ်စည်းရုံးရေး ခရီးစဉ်တွေ ဘယ်လောက်ရှိတယ် ဆိုတာကို ကြည့်ပြီး မြန်မာအစိုးရသစ်ဘက်က အပြောင်းအလဲ လုပ်ချင်တဲ့ဆန္ဒ တကယ်ရှိမရှိ တိုင်းတာနိုင်မယ်လို့လည်း ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးနဲ့ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ ပေးထားဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့်တော့ သူ့အနေနဲ့ ဆန္ဒရှိတဲ့အတိုင်း မကြာခင် တချိန်မှာ တိုင်းပြည်ထဲ လည်ပတ်တဲ့အခါမှာ လွတ်လပ်ခွင့်တွေ ရှိဖို့ လိုပါတယ်။ သူ နောက်ဆုံးအကြိမ် နိုင်ငံတွင်းမှာ လွတ်လွတ်လပ်လပ်နဲ့ ခရီးသွားဖို့ ကြိုးပမ်းတဲ့ အခါတုန်းက အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခု ဒီတကြိမ်မှာ အလားတူ အခြေအနေ မဖြစ်လာအောင် အစိုးရသစ် အနေနဲ့ ဘယ်လောက်လုပ်နိုင်မလဲ၊ အကာအကွယ် ပေးနိုင်မလဲ ဆိုတာဟာ အပြောင်းအလဲအတွက် သူတို့ စိတ်ဆန္ဒ ဘယ်လောက်ရှိသလဲ ဆိုတာ အစိုးရအပေါ် အကဲစမ်းမှု ဖြစ်လာပါလိမ့်မယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို အကာအကွယ်ပေးတယ် ဆိုတာ ထင်ရှားတဲ့ နိုင်ငံသား တဦးကို အထူးအခွင့်အရေး ပေးတယ်လို့ မမြင်သင့်ပါဘူး။ ဒါဟာ ဒီနိုင်ငံက နိုင်ငံသားအားလုံး အကျုံးဝင်တဲ့ လူသားတဦး အနေနဲ့ သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ အခြေခံလိုအပ်ချက် ဖြစ်တယ်လို့ မြင်သင့်ပါတယ်။”

မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အဖွဲ့တွေ၊ NLD အပါအ၀င် နိုင်ငံရေး အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့အတွက် မြန်မာအစိုးရကို တိုက်တွန်းခဲ့သလို အခုလို အပြောင်းအလဲတွေအတွက် အချိန်ယူနေစရာ မလိုဘဲ တကယ် ပြောင်းလဲချင်တဲ့ ဆန္ဒရှိရင် အမြန်ဆုံး လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

“အပြောင်းအလဲတွေက အပြင်းအထန် ဖြစ်ပေါ်နေပါပြီ။ အာရပ်ကမ္ဘာမှာပဲ ဒါက ရပ်တန့်နေမှာ မဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲမှုကို မလုပ်လိုတဲ့ အစိုးရတွေ အနေနဲ့ကတော့ နောက်ပိုင်းမှာ တော်လှန် ပြောင်းလဲတဲ့ အုံကြွမှုတွေကို ရင်ဆိုင်လာရမှာပါ။”

တချိန်တည်းမှာပဲ မြန်မာနိုင်ငံသားတွေအတွက် ကျန်းမာရေး၊ ပညာရေးအပြင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတွေ ဖန်တီးပေးဖို့ အစိုးရသစ် ပြောဆိုထားတဲ့အတိုင်း လက်တွေ့ အကောင်အထည် ဖော်ဖို့ပါ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG