ယူကရိန်းသမ္မတ Viktor Yanukovych က EU ဥရောပသမဂ္ဂနဲ့ အရင်လက ပျက်ကွက်ခဲ့တဲ့ သဘောတူလက်မှတ်ရေးထိုးတာနဲ့ ပတ်သတ်ပြီး ဘာမှ ကတိမပြုတာကြောင့် Ukraine နဲ့ ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွတ်ရေး သဘောတူညီမှုအတွက် ဆောင်ရွတ်နေတာတွေကို ရပ်ဆိုင်းထားလိုက်ပြီလို့ ဥရောပသမဂ္ဂ က ပြောပါတယ်။
သဘောတူလက်မှတ်ရေးထိုးဖို့အတွက် ခိုင်ခိုင်မာမာ လုပ်ဆောင်တာမျိုးရှိမှ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်နိုင်မယ်လို့ ယူကရိန်းကို ပြောထားကြောင်း EU က တနင်္ဂနွေနေ့က ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ အမေရိကန်အထက်လွှတ်တော်အမတ် John McCain ဟာ ယူကရိန်းနိုင်ငံ ကီးယဖ် မြို့တော်မှာ ရောက်ရှိနေပြီး အစိုးရဘက်က ထိပ်တန်းအရာရှိကြီးတွေ အတိုက်အခံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကီးယဖ် မြို့လည်မှာ ပြီးခဲ့တဲ့ သီတင်း ၃ ပတ်အတွင်း နေရာယူထားခဲ့တဲ့ ဆန္ဒပြသူတွေကို ထောက်ခံကြောင်း Mr McCain က ပြောခဲ့ပြီး နိုင်ငံမှာ ဒီမိုကရေစီ စနစ် ပြန်ထွန်းကားရေး လုပ်ဆောင်နေကြတဲ့ ဆန္ဒပြသူတွေရဲ့ လုပ်ရပ်ကို ထောက်ခံပါကြောင်း Mr McCain က ပြောသွားပါတယ်ရှင်။