သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ လွှတ်တော်အတည်ပြု


ပြည်ထောင်စုလွှတ်တော် စတုတ္တအကြိမ် လွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့မှာတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းကို အတည်ပြုလိုက်ပါပြီ။
ပြည်ထောင်စုလွှတ်တော် စတုတ္တအကြိမ် လွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့မှာတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းကို အတည်ပြုလိုက်ပါပြီ။
ပြည်ထောင်စုလွှတ်တော် စတုတ္တအကြိမ် လွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့မှာတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းကို အတည်ပြုလိုက်ပါပြီ။ ဥပဒေထဲမှာတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်တဲ့နေရာမှာ အရင်တုန်းက ချမှတ်ထားတဲ့ ကန့်သတ်ချက် အတော်များများကို လျှော့ပေါ့ ပယ်ဖျက် ရေးဆွဲထားပါတယ်။ ပြောင်းလဲလာတဲ့ အခြေအနေတွေအရ ကိုက်ညီတဲ့ ဥပဒေတရပ်ဖြစ်ပေမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို အပြည့်အ၀ ဆွဲဆောင်နိုင်ဖို့အတွက် လုပ်စရာတွေတော့ အများကြီး ကျန်သေးတယ်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းထားတဲ့ ဦးစံမိုးဝေက တင်ဆက်ထားပါတယ်။

အခုလွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေမူကြမ်းမှာ အရင်က အနိမ့်ဆုံးရင်းနှီးမြုပ်နှံငွေ ပမာဏသတ်မှတ်ချက်ဖြစ်တဲ့ ဒေါ်လာ ၅သန်းရှိရမယ်ဆိုတဲ့ အချက်ကို ဖျက်သိမ်းပြီး၊ ဖက်စပ်လုပ်ငန်းလုပ်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူဟာ မတည်ငွေရင်းရဲ့ အများဆုံး ၄၉ ရာခိုင်နှုန်းဖြစ်ရမယ်ဆိုတဲ့ အချက်ကိုလည်း ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။ အစောပိုင်း အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အကြား အငြင်းပွားခဲ့တဲ့ အချက်အလက်အတော်များများကို ပြင်ဆင်လိုက်တာဖြစ်ပါတယ်။

ဒီဥပဒေဟာ နိုင်ငံအတွက် အရေးတကြီး လိုအပ်ချက်ဖြစ်တာကြောင့် လွှတ်တော်ရဲ့ နောက်ဆုံးရက်မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဖေသန်းက ပြောပါတယ်။

“ အငြင်းပွားစရာလည်းမရှိပါဘူး။ ဘာလို့လည်း ဆိုတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေက လွှတ်တော်မှာ အပြီးလုပ်ရမယ့်ကိစ္စဖြစ်နေတယ်။ အဓိက အရေးကြီးတဲ့ ဥပဒေဖြစ်နေတော့ ဒီဥပဒေကို အခု လွှတ်တော်မှာ ပြီးအောင် ဒီနေ့ နောက်ဆုံးနေ့မှာ အတည်ပြုလိုက်တာပါ။”

အခုလို ပြုပြင် ရေးဆွဲလိုက်တာဟာ အရင်က ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေကို အကာအကွယ်ပေးရေးဆွဲထားတဲ့ အချက်အချို့ကို လျှော့ပေါ့ပေးလိုက်တာဖြစ်ပြီး၊ အပြည့်အဝတော့ ပြည်ပက ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်နိုင်မှာမဟုတ်ဘူးလို့ မြင်ကြောင်း ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင် ဦးမင်းခင်က ပြောပါတယ်။

“ လက်ရှိ ဥပဒေကတော့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို အထူးသဖြင့် တတ်နိုင်တဲ့ လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ ဆိုတဲ့ အဆင့်ကနေ နောက်တဆင့် ပြန်လျှော့သွားတာလို့ ကျနော်တို့ ယူဆတယ်။ တကယ်တမ်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အကောင်းဆုံးအခြေအနေတခုကို မျှမျှတတ အခွင့်အရေးပေးပြီးတော့ ဖိတ်ခေါ်နိုင်တဲ့အဆင့်တော့ မရောက်သေးဘူးလို့ ကျနော်တို့ ထင်တယ်။”

တကယ်တမ်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ အလုံးအရင်း ဝင်လာနိုင်အောင် ဖိတ်ခေါ်ဖို့ ပြည်တွင်းမှာ ပြင်ဆင်ပြောင်းလဲစရာ လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့ ဦးမင်းခင်က အခုလို ထောက်ပြပါတယ်။

“ကျနော်တို့ အခက်အခဲတွေရှိတယ်၊ ပြည်တွင်းမှာ ပြင်ဆင်စရာတွေ အများကြီးရှိနေသေးတယ်။ ဘဏ်လုပ်ငန်းစနစ်တို့ စီမံခန့်ခွဲရေးတို့ ပြည်တွင်းမှာ ဥပဒေစိုးမိုးရေး စည်းမျဉ်းစည်းကမ်းတွေ နောက် ဌာနဆိုင်ရာတွေရဲ့ အုပ်ချုပ်ရေးစနစ်တွေက ကျနော်တို့ အများကြီးလုပ်ဖို့ လိုနေသေးတယ်။ နောက် အရေးကြီးတာက တကယ်တမ်းရင်းနှီးမြုပ်နှံသူလာမယ် ဒီမှာ ဖက်စပ်ပြီးတော့ တွဲလုပ်မယ်ဆိုရင် ကျနော်တို့ဖက်က လုပ်ငန်းတွေမှာ စနစ်ကျတဲ့ စီမံခန့်ခွဲမှုနဲ့ ပွင့်လင်းမြင်သာတဲ့ ဘဏ္ဍာရေးအခြေအနေ ဖော်ပြမှုတို့ ဒါတွေ ကျနော်တို့ဖက်မှာ လိုနေသေးတယ်ခင်ဗျ။ အဲဒါတွေကကို ရင်းနှီးမြုပ်နှံမှုဥပဒေအတွက် အရေးကြီးတဲ့ အခက်အခဲတွေ ဖြစ်နေမယ်လို့ ကျနော်တို့ထင်ပါတယ်။”

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို နိုင်ငံတော်သမ္မတထံ တင်သွင်းရမှာဖြစ်ပြီး၊ သမ္မတက အတည်ပြုလက်မှတ်ရေးထိုးပြီဆိုရင်တော့ ဥပဒေ အတည်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
XS
SM
MD
LG