မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီး မရှိပေးနိုင်အောင် ခွင့်ပြုဖို့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက တောင်းဆိုလိုက်ကြပါတယ်။
ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်တင်မြှောက်ခံရတဲ့ အစိုးရဆီကနေ စစ်တပ်အာဏာသိမ်းလိုက်တာ ၄ နှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံပြဿနာဟာ အင်ဒိုပိစိဖိတ်ဒေသမှာ အကြီးမားဆုံး ပြဿနာကြီး ဖြစ်လာနေတယ်လို့ စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပြောဆိုထားပါတယ်။ စစ်အာဏာသိမ်းထားတဲ့အတွက် မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ ဒီမိုကရေစီ မျှော်လင့်ချက်တွေနဲ့ ထောင်နဲ့ချီ ပြည်သူတွေရဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးသွားခဲ့တယ်လို့ အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အားလုံးအနေနဲ့လည်း နိုင်ငံတကာဥပေဒတွေကို လိုက်နာဖို့နဲ့ အရပ်သားပြည်သူတွေကို မထိခိုက်အောင် ကာကွယ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ဘာသာပေါင်းစုံနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် ခွဲခြားဖိနှိပ်တာတွေအပါအဝင်၊ စနစ်တကျ ညှင်းပန်းနှိပ်စက်တာ၊ လိင်ကွဲပြားမှုအခြေခံနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်နေတဲ့အပေါ်လည်း အပြင်းထန်ဆုံး ဝေဖန်ပြစ်တင်တယ်လို့ ပြောထားပါတယ်။ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးရသလို၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးပေးခန်းတွေအပြင် ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေပါ ပျက်စီးရတဲ့နှုန်းဟာ ၂၀၂၁ ခုနှစ်ကထက်စာရင် အဆပေါင်း ၂၅ ဆလောက် များတယ်လို့ ထောက်ပြထားပါတယ်။
အာဏာသိမ်းချိန်ကစပြီး ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူသားခြင်းစာနာမှု အကူအညီတွေဟာ အဆပေါင်း ၂၀ ကျော်လောက် လိုအပ်နေပြီး၊ လူသန်း ၂၀ လောက်ဟာ အသက်ရှင်ရပ်တည်နိုင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးနဲ့ ဒီမိုကရေစီ ပြန်လည်ဖေါ်ဆောင်နိုင်ရေးအတွက် ASEAN အဖွဲ့ကြီးအနေနဲ့ အဓိကနေရာကနေ ကြိုးပမ်းနေတဲ့အပေါ် ထောက်ခံအားပေးပြီး၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖေါ်နိုင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အာဆီယံနဲ့ ကုလသမဂ္ဂတို့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်တာကို ကြိုဆိုကြောင်းနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ ကို အကောင်အထည်ဖေါ်နိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆက်လက်ပံ့ပိုးပေးဖို့လည်း အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
Forum