အရှေ့တီမော သမ္မတ ဂျိုးဆေး ရာမို့စ်ဟော်တာ (Jose Ramos-Horta) ဟာ ဒုတိယ သမ္မတသက်တမ်း အတွက် ယှဉ်ပြိုင်အရွေးခံရာမှာ ရှုံးနိမ့် ကြောင်း ဒီကနေ့ တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
မဲအရေအတွက် (၇၀) ရာခိုင်နှုန်း ကျော် ရေတွက်ပြီးချိန်မှာ သူ့ရဲ့ အဓိကပြိုင်ဘက် အတိုက်အခံ ဖက်တလင် (Fretilin) ပါတီ ရဲ့ ခေါင်းဆောင် ဖရန့်စစ်စကို ဂူတာရက်စ် (Francisco Guterres) က မဲ (၂၈) ရာခိုင်နှုန်း နဲ့ ရှေ့က ဦးဆောင် နေပါတယ်။ မစ္စတာ ဂူတာရက်စ် (Mr. Guterres) ရဲ့ နောက်က စစ်တပ်အကြီးအကဲ ဟောင်း ဂျိုဆေး မာရီယား ဒီ ဗာစကိုဆဲလက်စ် (Jose Maria de Vasconcelos) က (၂၅) ရာခိုင်နှုန်း ရရှိ ထားပါတယ်။ အဲဒီ သမ္မတလောင်း တွေအနေ နဲ့ ဧပြီလ လလယ်မှာ ကျင်းပမယ့် နောက်တကျော့ ရွေးကောက်ပွဲ မှာ ထပ်ပြိုင်ရဖို့ရှိပါတယ်။
ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် သမ္မတ ရာမို့စ်ဟော်တာ (Ramos-Horta) ကတော့ မဲအရေအတွက် (၁၈) ရာခိုင်နှုန်း ဘဲ ရရှိ ထား ပါတယ်။ ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲအပြီး နိုင်တဲ့သူကို သမ္မတသစ် အနေ နဲ့ မေလ (၁၉) ရက်နေ့ ညသန်းကောင်ယံ အချိန်မှာ နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန် လွှဲအပ် ပေးမယ်လို့ ရာမို့စ်ဟော်တာ (Ramos-Horta) က ပြောဆိုလိုက်ပါတယ်။
မဲအရေအတွက် တရားဝင်ရလဒ်ကိုတော့ မနက်ဖန် အင်္ဂါနေ့မှာ ကြေညာဖို့ရှိပါတယ်။ အရှေ့တီမောနိုင်ငံရဲ့ သမ္မတ ရွေးကောက်ပွဲကို အေးအေးဆေးဆေး တရားမျှတစွာ ကျင်းပ နိုင်ခဲ့တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ဝမ်းမြောက်ပါကြောင်း တနင်္ဂနွေနေ့ကပြောဆိုလိုက်ပါတယ်။ (၂၀၀၂) ခုနှစ်က အင်ဒိုနီးရှား လက်အောက်က လွတ်လပ်ရေးရခဲ့တဲ့ ကမ္ဘာမှာ အဆင်းရဲဆုံး အရှေ့တီမောနိုင်ငံမှာ ဒုတိယ အကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။