သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ တပ်ဖွဲ့တွေ ပြည်သူဘက်ရပ်ဖို့ တီမောသမ္မတ တိုက်တွန်း


တီမောလက်စတေးနိုင်ငံသမ္မတ ဟိုဆေးရာမို့ဟောတာ
တီမောလက်စတေးနိုင်ငံသမ္မတ ဟိုဆေးရာမို့ဟောတာ

ပြည်သူတွေထဲက မွေးဖွားလာတဲ့ တပ်မတော်သားတွေအနေနဲ့ စစ်ကောင်စီလက်အောက်ကနေ ထွက်ခွာပြီး ပြည်သူတွေကို အကာအကွယ်ပေးရင်း သမိုင်းသစ်စိုက်ထူကြဖို့ တီမောလက်စတေးနိုင်ငံသမ္မတ ဟိုဆေးရာမို့ဟောတာက သူ့ရဲ့ ဗွီဒီယိုမိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။

“ကြည်းတပ်၊လေတပ်၊ ရေတပ်၊ ရဲတပ်ဖွဲ့ထဲမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သင်တို့ကို ပြောချင်တာက သင်တို့ရဲ့လက်နက်တွေကို ပြည်သူတွေဆီ မချိန်ထားပါနဲ့။ သူတို့ဟာ သင်တို့ရဲ့ ပြည်သူတွေပါ။ မြန်မာနိုင်ငံဟာ တခြားနိုင်င်တစ်ခုက ကျူးကျော်ခံရတာ မဟုတ်ပါဘူး"လို့ သမ္မတ ရာမို့ဟောတာက ပြောသွားတာပါ။

မြန်မာတပ်မတော်သားတွေကို ရည်ရွယ်ပြီး သီးသန့်ပြောကြားတဲ့ တီမောလက်စတေးသမ္မတရဲ့ မိန့်ခွန်းကို NUG အမျိုးသားညီညွတ်ရေးအစိုးရက စနေနေ့က ထုတ်ပြန်ခဲ့တာပါ။ အရှေ့တီမောလွတ်မြောက်ရေး ဦးဆောင်လှုပ်ရှားနေသူတဦးအနေနဲ့ ၁၉၈၈ခုနှစ်နောက်ပိုင်း မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွေ၊ လက်နက်ကိုင်တော်လှန်မှုတွေနဲ့ အနီးကပ်ရှိခဲ့ကြောင်း သမ္မတ ရာမို့ဟောတာက ထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေအပေါ် စစ်တပ်က ဖိနှိပ်သတ်ဖြတ်ခဲ့တဲ့ အခြေအနေတွေကြောင့် လက်ရှိ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပဋိပက္ခမှာ တပ်မတော်သားတွေအနေနဲ့ ပြည်သူ့ဘက်ကို သေနတ်ပြောင်းမလှည့်ပဲ ပြည်သူနဲ့ အတူပူးပေါင်းပြီး နိုင်ငံသစ်ကို တည်ဆောက်ဖို့ တီမောလက်စတေးသမ္မတက တိုက်တွန်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လူမဆန်တဲ့ နည်းလမ်းနဲ့ အကျဉ်းချထားတဲ့အပေါ် စစ်ကောင်စီကို သမ္မတရာမို့ ဟောတာက ရှုတ်ချခဲ့ပါတယ်။ ဒါအပြင် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း မြန်မာနိုင်ငံရဲ့ အခြေအနေကို အာရုံစိုက်ပေးဖို့နဲ့ စစ်ခေါင်းဆောင်တွေကိုပဲ ပစ်မှတ်ထားတဲ့ မဟာဗျူဟာမြောက် ပိတ်ဆို့အရေးယူဖို့လည်း သူ့ရဲ့မိန့်ခွန်းမှာ တောင်းဆိုသွားပါတယ်။

XS
SM
MD
LG