သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သံတမန်နဲ့ ဒေါ်စု မြန်မာ့အရေး ဆွေးနွေး


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ယွန်းတို့ တွေ့ဆုံစဉ်။ မေ ၁၉၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ယွန်းတို့ တွေ့ဆုံစဉ်။ မေ ၁၉၊ ၂၀၁၁။

မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အမေရိကန်နိုင်ငံက ဆက်လက် ကြိုးပမ်းသွားမယ်လို့ မြန်မာနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်နဲ့ ရောက်နေတဲ့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ယွန်း (Joseph Yun) က ပြောပါတယ်။ မစ္စတာယွန်းဟာ ဒီနေ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင်တွေအပြင် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီနဲ့ပါ တွေ့ဆုံပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် ဂျိုးဇက် ယွန်းဟာ ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် မြန်မာအစိုးရသစ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုကို မကြာခင်ကမှ သက်တမ်းတနှစ် ထပ်ပြီး တိုးလိုက်တဲ့ အမေရိကန် အစိုးရက ထိတွေ့ဆက်ဆံရေး အတွက်ပါ တဘက်က ကျင့်သုံးနေတဲ့ မူဝါဒအရ မြန်မာအစိုးရသစ်အဖွဲ့ တက်လာခဲ့ပြီး ပထမဆုံး ထိပ်တန်း ကိုယ်စားလှယ် အဖြစ်နဲ့ မစ္စတာယွန်းကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

အခု သူ့ရဲ့ လာရောက်မှုဟာ ၂ နိုင်ငံအကြား ပိုမိုနားလည် သဘောပေါက်စေဖို့အတွက် အထောက်အကူဖြစ်ဖို့ မျှော်လင့်ထားတယ်လို့ မစ္စတာယွန်းက ပြောပါတယ်။

“နေပြည်တော်မှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့သလို လွှတ်တော် ဒုတိယ ဥက္ကဋ္ဌနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလို တွေ့ဆုံတဲ့အခါ အမေရိကန် အစိုးရနဲ့ မြန်မာအစိုးရအကြား ဘုံသဘောတူညီမှုတွေ ရဖို့အတွက် ဆွေးနွေးခဲ့တာပါ။ ကျနော်တို့ အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အပေါ်မှာ ထိတွေ့ဆက်ဆံရေး မူဝါဒ ချထားတာမို့ အခု ကျနော့်ရဲ့ ခရီးစဉ်ကနေ အထောက်အကူတွေ ရမယ်လို့ မျှော်လင့်ထားပါတယ်။”

မစ္စတာယွန်းဟာ ကြာသပတေးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဗဟိုကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့သလို CRPP အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“အခုညနေ ၄ နာရီကနေ ၅ နာရီ ကျော်ကျော်အထိ အထွေထွေ အတွင်းရေးမှူးနဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံပါတယ်။ အဲဒီလို တွေ့ဆုံတဲ့ အချိန်မှာ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့ အထွေထွေ အတွင်းရေးမှူးနဲ့ အတူတူ ရှိကြပါတယ်။ အဲဒီဆွေးနွေးပွဲ အပြီးမှာ တဆက်တည်းပဲ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ CRPP အဖွဲ့ဝင်များနဲ့ ဆက်ပြီးတော့ တွေ့ပါတယ်။

“အဲဒီတွေ့ဆုံမှုမှာတော့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဘက်က ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးဉာဏ်ဝင်း၊ ကျနော်၊ နောက် ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဒေါ်မေဝင်းမြင့်၊ CRPP အဖွဲ့ဝင်တွေကတော့ ဦးအေးသာအောင်နဲ့ ဦးပူကျင့်ရှင်းထန်၊ ဦးစိုးဝင်း၊ အဲဒီမှာ ဆက်လက်ပြီး ဆွေးနွေးပါတယ်။

“အစိုးရသစ် ဖြစ်ပေါ်လာပြီးတဲ့နောက် ကျနော်တို့ ဒီဘက်က အမြင်ပေါ့ဗျာ၊ နောက် မြန်မာ့ ဒီမိုကရေစီ ပြောင်းလဲရေးအတွက် အဖွဲ့ချုပ်ဘက်က ဆက်လက် ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဒီဘက်က တင်ပြပါတယ်။ ပြီးတော့ အပြန်အလှန် ဆွေးနွေးကြပါတယ်ခင်ဗျ။ ဆွေးနွေးပွဲက ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CRPP အဖွဲ့နဲ့ တွေ့ဆုံတဲ့ အခါမှာတော့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေ ပြန်ပြီး လွတ်မြောက်ဖို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အမေရိကန်နိုင်ငံက ဆက်ပြီး ကြိုးပမ်းသွားဖို့ ရှိကြောင်း မစ္စတာယွန်းက ပြောခဲ့တယ်လို့ CRPP အဖွဲ့က ဦးအေးသာအောင်က ပြောပါတယ်။

“အဓိကကတော့ လက်ရှိ နိုင်ငံရေး အခြေအနေမှာ၊ တနည်းအားဖြင့် ပြောမယ်ဆိုရင် လွှတ်တော်အတွင်းက အခြေအနေ၊ ပြီးတော့ NLD အပါအဝင် အန်ကယ်တို့လို တိုင်းရင်းသား ပါတီများရဲ့ လွှတ်တော်အပမှာ လုပ်ဆောင်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးဖြစ်ပါတယ်။ ကျနော်တို့နဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း တကြိမ် တွေ့ခဲ့တယ်ပေါ့။ အခုလည်း တွေ့တဲ့အခါမှာ ရှေ့ဆက်ပြီးတော့ သူတို့အနေနဲ့ အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ ပြန်ရဖို့အတွက် ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမယ် ဆိုတဲ့အကြောင်း ပြောပါတယ်။”

အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ မြန်မာနိုင်ငံအတွက် သိပ်ကို အရေးပါသလို နိုင်ငံရေး အကျဉ်းသားတွေကို ပြန်ပြီး လွှတ်ပေးဖို့ကလည်း အရေးကြီးတယ်လို့ မစ္စတာယွန်းနဲ့ တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ဘဲ ထားမယ်ဆိုရင် အခု အစိုးရသစ်က တကယ်ပဲ ဒီမိုကရေစီအတွက် ဦးတည်နေပါတယ်ဆိုတဲ့ ပြောဆိုချက်တွေကို မေးခွန်းထုတ်ရတော့မှာပေါ့။”

မစ္စတာယွန်းဟာ သောကြာနေ့မှာ ပါတီ ၃ ရပ်က လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

XS
SM
MD
LG