သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အထူးသံတမန် NLD နဲ့ တွေ့ဆုံမည်


အမေရိကန် အထူးသံတမန် NLD နဲ့ တွေ့ဆုံမည်
အမေရိကန် အထူးသံတမန် NLD နဲ့ တွေ့ဆုံမည်

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် ထိပ်တန်းသံတမန် ဂျိုးဇက် ယွန်း (Joseph Yun) ဟာ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ မြန်မာအစိုးရသစ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် ကြာသပတေးနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင်တွေ အပါအဝင် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ NLD က အတည်ပြု ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေ အပေါ် ဖိနှိပ်မှုတွေ ဆက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတာမို့ အမေရိကန် အစိုးရက စီးပွားရေးပိတ်ဆို့ အရေးယူမှုကို တနှစ် ထပ်သက်တမ်းတိုးလိုက်ပြီး မကြာခင်မှာပဲ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာယွန်းဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံပြီးတဲ့နောက် ကြာသပတေးနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ဗဟိုကော်မတီဝင်တွေ အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့က မနက်ဖြန် ညနေမှ သူနဲ့တွေ့ဖို့ ချိန်းထားတာ။ ဒေါ်စုနဲ့တွေ့မယ်၊ CEC နဲ့တွေ့မယ်၊ CRPP နဲ့တွေ့မယ်။ အဲဒါက ဒေါ်စုအိမ်မှာ ညနေ ၄ နာရီပါ။ ဒေါ်စုနဲ့က သီးသန့် ခွဲတွေ့မယ်။ သူ မနက်ဖြန် တွေ့ပြီး သန်ဘက်ခါကျရင် တခြားပါတီတွေနဲ့ တွေ့မယ်လို့ အဲဒီသတင်းတော့ ကြားပါတယ်။”

ဂျိုးဇက် ယွန်းနဲ့ တွေ့မယ်ဆိုရင် ဘာတွေပြောဖို့ စီစဉ်ထားပါလဲ။

“ကျနော်တို့ ကြိုတင် စီစဉ်ထားတာတော့ မရှိဘူး။ သူက နေပြည်တော်မှာ သက်ဆိုင်ရာတွေနဲ့ တွေ့မယ်။ တွေ့ပြီး ကျနော်တို့နဲ့ တွေ့မယ်ဆိုတော့ အဲဒီမှာ သူ့ရဲ့ အတွေ့အကြုံ ပြောတဲ့အပေါ်မှာ မူတည်ပြီးတော့ပဲ ဆွေးနွေးသွားမှာပါ။ သူ့အနေအထားကတော့ သူက US Policy ပဲပေါ့။ သူတို့ ဒီမှာ Sanction ကိစ္စ ဆိုရင်လည်း အပြောင်းအလဲ မရှိရင် Sanction ဆက်ထားမယ်။ နောက် Engage လည်း လုပ်မယ်။ ဒါ Engage လုပ်တဲ့ သဘောပေါ့။ ထိတွေ့ ဆက်ဆံတဲ့ သဘောပေါ့။”

ထိတွေ့ ဆက်ဆံတဲ့ သဘောနဲ့ လာရောက်ခဲ့တဲ့ အမေရိကန် ကိုယ်စားလှယ်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိတဲ့ CRPP အဖွဲ့က ဦးအေးသာအောင်က မစ္စတာယွန်းနဲ့ တွေ့ဆုံတဲ့အခါ ရွေးကောက်ပွဲ နောက်ပိုင်း အနေအထားကို ဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

“အဓိကကတော့ လက်ရှိ နိုင်ငံရေး အခြေအနေပေါ့။ ပြီးတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတရပ် ကျင်းပခဲ့တယ်၊ အဲဒီရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရတရပ်ကို ကျနော်တို့ CRPP ရဲ့ သဘောထားနဲ့ CRPP ရှေ့ကို ဆက်သွားမယ့် လုပ်ငန်းစဉ်တွေကို အကြမ်းဖျင်း ပြောပြဖို့ ရှိပါတယ်။”

ပြီးခဲ့တဲ့ အပတ်ကရော အမေရိကန် ကိုယ်စားလှယ်ကို အန်ကယ်တို့ ဘာတွေ တောင်းဆိုခဲ့တာတွေ၊ အကြံပေးခဲ့တာတွေ ရှိပါသလဲ။

“တောင်းဆိုတာတော့ မဟုတ်ဘူးပေါ့။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို နားလည်အောင်၊ သဘောပေါက်အောင်၊ ပြီးတော့ တဘက်မှာ လွှတ်တော်အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ ရှိသလို ရွေးကောက်ပွဲ မဝင်တဲ့ NLD အပါအဝင် အန်ကယ်တို့လို တိုင်းရင်းသား ပါတီတွေလည်း ရှိတဲ့အကြောင်း၊ ပြီးတော့ လွှတ်တော်က သွားမယ့် နိုင်ငံရေး အခြေအနေရဲ့ သဘောသဘာဝနဲ့ ဖြစ်နိုင်ခြေ၊ လွှတ်တော်အပက သွားမယ့် NLD နဲ့ အန်ကယ်တို့ ပါတီများရဲ့ သဘောသဘာဝနဲ့ ဆက်လုပ်မယ့် အခြေအနေတွေကို အဲဒီတုန်းကတော့ ရှင်းပြခဲ့ပါတယ်။”

မစ္စတာယွန်းနဲ့ ပြောရတာ အန်ကယ်တို့ အနေနဲ့ ပွင့်ပွင့်လင်းလင်း ရှိပါရဲ့လား၊ သူ့ရဲ့ သဘောထားကို အန်ကယ် ဘယ်လိုမြင်ပါသလဲ။

“ပွင့်ပွင့်လင်းလင်းလည်း ရှိပါတယ်။ ဘယ်လိုခေါ်မလဲဆိုတော့ သူလည်း မေးစရာ ရှိတာတွေ မေးတယ်၊ အန်ကယ်တို့ကလည်း ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောတဲ့ အနေအထား ရှိပါတယ်။”

အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် Sanction နဲ့ အရေးယူထားတာကို အခု တနှစ်ထပ်ပြီး သက်တမ်းတိုးလိုက်တာနဲ့ ပတ်သက်ပြီး အန်ကယ်တို့ သဘောထား သိပါရစေ။

“ဒီ Sanction ဆိုတာက အမေရိကန် အပါအဝင် အနောက်နိုင်ငံများက မြန်မာနိုင်ငံ အတွင်းမှာ ရှိနေတဲ့ ဒီမိုကရေစီ စံနှုန်းတွေ၊ လူ့အခွင့်အရေး စံနှုန်းတွေ၊ ဒီမိုကရေစီ အခွင့်အရေးတွေကို လက်ရှိအစိုးရက ပိတ်ပင် ဟန့်တား နှောင့်ယှက်မှုတွေ၊ ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီစံနှုန်းတွေ အပေါ်မှာ မူတည်ပြီးတော့ သူတို့က စီးပွားရေး ပိတ်ဆို့တာတွေကို လုပ်ကြတာကိုး။

“လက်ရှိ အနေအထားမှာကတော့ တိုးတက်လာတာ၊ ပြောင်းလဲလာတာ၊ ကောင်းမွန်လာတာ မရှိဘူးပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုကို လုပ်တာပါ။ ဒီတော့ ပြည်တွင်းမှာ အပြောင်းအလဲတွေ ဖြစ်လာမယ်၊ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီ အခွင့်အရေးတွေ တိုးတက်လာမယ် ဆိုရင်တော့ ဒါတွေဟာလည်း ပြန်ပြီးတော့ သုံးသပ်လာလိမ့်မယ်လို့ ဒီလိုပဲ မြင်ပါတယ်။”

ဦးအေးသာအောင် ပြောပြသွားတာ ဖြစ်ပါတယ်။

မစ္စတာယွန်းဟာ သောကြာနေ့မနက် ၉ နာရီခွဲမှာ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက CEC လည်းဖြစ်၊ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီဝင် တဦးလည်းဖြစ်တဲ့ ဒေါက်တာသန်းဝင်း အပါအဝင် ပါတီ ၃ ခုက လွှတ်တော် ကိုယ်စားလှယ် ၃ ဦးနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ NDF ပါတီက ဦးခင်မောင်ဆွေက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG