သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာနယ်ဇင်း ၅၀ ကျော် ထုတ်တင်ခွင့်ပြု


စာနယ်ဇင်း ၅၀ ကျော် ထုတ်တင်ခွင့်ပြု
စာနယ်ဇင်း ၅၀ ကျော် ထုတ်တင်ခွင့်ပြု

မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ မှုခင်းနှင့် ဥပဒေဆိုင်ရာ ဂျာနယ် မဂ္ဂဇင်းတွေနဲ့ စီးပွားရေးဆိုင်ရာ ဂျာနယ် မဂ္ဂဇင်း ၅၀ ကျော်ဟာ စာပေစိစစ်ရေးကို အရင်တင်စရာ မလိုဘဲ ထုတ်ဝေခွင့် ပေးလိုက်ပါတယ်။ ပြည်တွင်း မီဒီယာလောကမှာ ထုတ်တင်လို့ ခေါ်ကြတဲ့ ခွင့်ပြုချက်ကို သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဒုတိယအကြိမ် ပေးလိုက်တာဖြစ်ပါတယ်။ အခုလို ဂျာနယ်တိုက်တွေဖက်က ကိုယ့်တာဝန်ကိုယ် ယူရမဲ့ ထုတ်ဝေခွင့်ကနေ မြန်မာနိုင်ငံမှာ အပြည့်အဝ လွတ်လပ်စွာ ထုတ်ဝေခွင့် ရလာဖို့ နီးကပ်လာနေပါပြီလား ဆိုတာကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ စီးပွားရေး၊ မှုခင်းနဲ့ ဥပဒေဆိုင်ရာ ဂျာနယ် မဂ္ဂဇင်းပေါင်း ၅၄ ခုကို စာပေစိစစ်ရေးရဲ့ ဆင်ဆာ ဖြတ်စရာမလိုဘဲ ထုတ်ဝေခွင့် ပေးလိုက်တာပါ။ အဲဒီထဲမှာ ဈေးကွက်ဂျာနယ်၊ အကျိုးဆောင်ဂျာနယ်၊ အခွင့်အလမ်းဂျာနယ်၊ ကမ္ဘာ့စီးပွားရေးဂျာနယ် စတဲ့ လူသိများတဲ့ စီးပွားရေး ဂျာနယ်တွေ၊ တခါ မြင်ကွင်း မှုခင်းဂျာနယ်၊ ဖြစ်ရပ်မှန် မှုခင်းဂျာနယ်၊ ရှုဒေါင့် မှုခင်းသတင်းဂျာနယ် တို့လို မှုခင်းဂျာနယ်တွေ ပါပါတယ်။

ထုတ်ဝေမှုအပေါ်မှာ ဂျာနယ်တိုက်တွေက တာဝန်ယူရမဲ့ ထုတ်တင်စံနစ်ကို ခုလို ဂျာနယ်ပေါင်း ၅၄ ခုကို ခွင့်ပြုလိုက်တဲ့ အပေါ် Asian Fame Media Group ရဲ့ ဒုတိယဥက္ကဌ ဦးဟိန်းလတ်က ခုလို မြင်ပါတယ်။

"အခုတခါထဲ တင်နိုင်တယ်ဆိုတော့ ကိုယ့်တာဝန် ကိုယ်ယူတဲ့ပုံစံ ဖြစ်လာတော့ ကျနော်တို့ လုပ်ရ ကိုင်ရတာလဲ ပိုချောမွေ့တယ်။ နောက်ပြီးတော့ သတင်းပေးတဲ့နေရမှာလဲ Up to Date ပေါ့နော်၊ ချက်ချင်း အချိန်နဲ့ တပြေးထဲညီ ပေးနိုင်တဲ့အတွက် ဒါဟာ အင်မတန်မှကို ထိရောက်တဲ့ အတိုင်းအတာ ရှိတယ်လို့ ကျနော် ယူဆပါတယ်။"

မြန်မာနိုင်ငံမှာ မီဒီယာ ဥပဒေသစ် မပြဌာန်းနိုင်ခင် သတင်းလွတ်လပ်ခွင့်ကို တဆင့်ပြီး တဆင့် လျှော့ပေးနေတာ ဖြစ်တယ်လို့ ဦးဟိန်းလတ်က ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်ထဲက ပြဌာန်းထားတဲ့ ပုံနှိပ် ဥပဒေဘောင်ထဲကနေ ပြည်တွင်း သတင်း မီဒီယာသမားတွေ အနေနဲ့ ပြည်သူသိသင့်တဲ့၊ တင်ပြသင့်တဲ့ သတင်းတွေကို ကြိုးစား ရေးသား ဖေါ်ပြနေကြတာ ဖြစ်တယ်လို့ Weekly 11 သတင်းဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးက VOA မြန်မာပိုင်းကို ပြောပါတယ်။

"ရေကြီးတာကို မရေးနဲ့၊ သဘာ၀ ပတ်ဝန်းကျင်ကို မရေးနဲ့၊ နိုင်ငံရေးမရေးနဲ့ အဲဒီလို လုပ်ထားတာ မရှိဘူး။ ဒါပေမယ့် ဥပဒေကတော့ ၁၉၆၂ ခုနှစ် ပုံနှိပ် ဥပဒေပဲ ရှိသေးတယ်။ ဖောက်ဖျက်ရင် ထောင်ချမယ်ဆိုပြီးတော့ လုပ်ထားတာပဲ ရှိတယ်။ အခုနောက်ပိုင်းမှာ အဲဒီလောက်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် သူတို့က ဒီ စီစစ်ရေး မူဝါဒဆိုတာရှိတယ်။ အချက် ၂၁ ချက်။ အဲဒီ ၂၁ ချက်ကို ထပ် ဖြေလျော့ပေးလိုက်တာပေါ့။ အဲဒီလို အချက်တွေတော့ ရှိတယ်။"

ဒါပေမယ့် အစိုးရအနေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ အထိမခံတဲ့ ကိစ္စတွေဆိုရင်တော့ ဆင်ဆာဖြတ်တုန်းပဲလို့ အယ်ဒီတာချုပ် ကိုဝေဖြိုးက ဥပမာနဲ့ ရှင်းပြပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က စာကြည့်တိုက် စာဖတ်ခန်း ဖွင့်ပွဲလုပ်တယ်။ အဲဒါ ဖော်ပြခွင့်ရတယ်။ အဲဒီ အချိန်မှာပဲ ကိုမင်းကိုနိုင် ၄၉ နှစ် မွေးနေ့ကို ဒေါ်အောင်ဆန်းစုကြည် တက်တယ်။ အဲဒီသတင်း ဖော်ပြခွင့် မရဘူး။ အဲဒါ ဒေါ်အောင်ဆန်းစုကြည်ပဲ၊ အတူတူပဲ။ အဲဒီတော့ ဆိုလိုတာက Absolutely (အကုန်လုံး) ပိတ်တာလည်း မဟုတ်ဘူး။ အဲဒီတော့ အကြောင်းအရာပေါ်မူတည်ပြီး သူတို့က ချိန်တာ။"

အခုတကြိမ် စီးပွားရေးနဲ့ မှုခင်း ဂျာနယ် မဂ္ဂဇင်းတွေကို စာပေစိစစ်ရေးခွင့် ပြုချက်မပါဘဲ ထုတ်ဝေခွင့် ပေးလိုက်ပေမဲ့ သတင်းနဲ့ ပါတ်သက်တဲ့ ဂျာနယ်တွေကတော့ စာပေစိစစ်ရေးကို အရင်တင်ဖို့ လိုဆဲဖြစ်တာကြောင့် ဒီထက် လွတ်လပ်ခွင့်တွေ ရှိလာဖို့ သတင်းစာဆရာ စာရေးဆရာ ကျော်ရင်မြင့်က မျှော်လင့်ပါတယ်။

"အထူးသဖြင့် ကျနော်တို့ သတင်းဂျာနယ်တွေဟာ အခုထိ ကြိုတင်ပြီးတော့ တပတ် ကြိုတင် တင်ပြီးတော့မှ ထုတ်နေရတုန်းပဲ ရှိပါသေးတယ်။ နောက်တခါ အရေးအသားတွေရော သတင်းတွေရောကိုလဲ ဆင်ဆာက ဖြတ်နေတုန်းပဲ ရှိပါသေးတယ်။ အဲဒါတွေ ကျနော်ကတော့ လုံး၀ မရှိစေချင်ပါဘူး ခင်ဗျ။ ကျနော်တို့
ရေးပြီးဆိုကတည်းက ဒါဟာ ပြည်သူလူထု အကျိုးရှိတဲ့ကိစ္စလို့ ယူဆလို့ ရေးကြတာပါ။ အဲဒီတော့ ကျနော်တို့ကတော့ အဲဒီလို ယူဆပြီးရေးတဲ့ သတင်းတွေ အရေးအသားတွေကို ဆင်ဆာ ရှိနေသေးတာ ကျနော်ကတော့ မရှိစေချင်တော့ပါဘူး။"


မြန်မာနိင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေ ကြောင့်ရော၊ သက်ဆိုင်ရာက ပြောကြားချက်တွေ ကြောင့်ပါ၊ သိပ်မကြာခင် ကာလမှာ စာပေစစိစစ်ရေးအဖွဲ့ မရှိတော့တဲ့ သတင်းလွတ်လပ်ခွင့်မျိုး ရမယ်လို့ ဆရာ ကျော်ရင်မြင့်ရော၊ ဦးဟိန်းလတ်ပါ တွက်နေကြပါတယ်။

"ပြောင်းလဲနေတဲ့ အပြောင်းအလဲတွေက တော်တော် လျင်လျင်မြန်မြန်နဲ့ ပြောင်းလဲပြီးတော့ တိုးတက်နေတာ ဖြစ်တဲ့အတွက်ကြောင့် မို့လို့၊ နောက်တခုက သက်ဆိုင်ရာ စာပေစီစစ်ရေးရော၊ ပြန်ကြားရေး ဝန်ကြီးဌာနရော တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလဲ ဒီလို ဖြေလျော့ဖို့လို့ကို ဦးတည်စေတဲ့ စကားတွေကို မကြာခန ပြောနေတာ
ကြားရတဲ့အတွက်ကြောင့် သူတို့က ဖြေလျော့လိုတဲ့ဆန္ဒ ရှိတယ်လို့ ကျနော်တို့ ထင်ပါတယ်။ ကျနော်တို့တွေ ကိုယ်တိုင်ကလဲ ကိုယ့်တာဝန် ကိုယ်ယူပြီးတော့ အဲဒီ ဖြေလျော့မှုကို ကြိုဆိုပြီးတော့ အကျိုးရှိရှိ အသုံးချချင်ပါတယ်။"


"ကျနော်တို့ ကြားနေရတာရော၊ တချို့ပြောတဲ့ပုံစံရော ဥပမာ သမ္မတကြီးရဲ့အကြံပေး ဦးကိုကိုလှိုင် ပြောတယ်။ နောက် ပြန်ကြားရေးက အရာရှိကြီးတယောက် ပြောတဲ့ပုံစံတွေ ကျနော်တို့ ကြားရတဲ့ အရဆိုရင်တော့ ရှေ့နှစ်လောက်မှာ ဆိုရင်တော့ စာပေ စီစစ်ရေးဆိုတာ မရှိတော့ဘူး။ ကိုယ့်တာဝန် ကိုယ်ယူ၊
လွတ်လွတ်လပ်လပ် ထုတ်ဝေခွင့်ရမယ့် ကာလ၊ ရှေ့နှစ်ပိုင်းလောက်မှာ ရောမယ်လို့ ယူဆပါတယ်။"


သက်ဆိုင်ရာက အခု ဒုတိယအကြိမ် ထုတ်တင်စနစ် ခွင့်ပြုလိုက်တာကတော့ စီးပွားရေး ဂျာနယ် ၂၈ စောင်၊ စီးပွားရေး မဂ္ဂဇင်း ၁၄ စောင်၊ မှုခင်းနှင့် ဥပဒေဆိုင်ရာ ဂျာနယ် ၄ စောင်၊ မှုခင်းနှင့် ဥပဒေဆိုင်ရာ မဂ္ဂဇင်း ၈ စောင် စုစုပေါင်း ဂျာနယ် မဂ္ဂဇင်း ၅၄ ခုဖြစ်ပါတယ်။

XS
SM
MD
LG