သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းရယူရာမှာ သတင်းထောက်တွေ အန္တရာယ်ကြီးမားလာ


အာဖဂန်နစ္စတန်နိုင်ငံမှာ ဧပြီလ ၃၀ ရက်နေ့က အသေခံဗုံး ဖောက်ခွဲမှုကြောင့် သတင်းထောက် ၁၀ ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံတချို့မှာ သတင်းယူဖို့ သတင်းထောက်တွေအတွက် ဘယ်လောက် အန္တရယ်ရှိတယ်ဆိုတာကို ပြသ လိုက်တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့တလွှား သတင်းလွတ်လပ်ခွင့်ရှိဖို့ ဘာကြောင့် ပိုအရေးပါသလဲဆိုတာကို ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ Greta Van Susteren က Plugged In အစီအစဉ်မှာ ဆွေးနွေးထားတာကို ဗွီအိုအေ သတင်းထောက် Jesusemen Oni က သတင်းရေးသား ပေးပို့ထားပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးပါမယ်။

အကြမ်းဖက်မှုတွေ၊ အစိုးရတွေရဲ့ ဖိအားပေးမှုတွေ ရှိနေပေမယ့်လည်း ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သတင်းထောက်တွေဟာ သူတို့အလုပ်ကို လုပ်ကြပါတယ်။

ယူကရိန်းနိုင်ငံက သတင်းထောက် Myroslava Gongadze အတွက်တော့ ခင်ပွန်းသည် သတင်းထောက် အသက်ဆုံးရှုံးရတဲ့အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။

“သူက ယူကရိန်းမှာ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်း ဖော်ထုတ်တာကြောင့် ရဲတပ်ဖွဲ့က သူ့ကို သတ်လိုက်ကြတာပါ။ အစိုးရက အဲဒီလို စုံစမ်းတာကို မကြိုဘူးဆိုတာကတော့ သိသာပါတယ်။ သူပျောက်သွားပြီး ၂ လလောက်ကြာမှ အစိုးရက သူ့ကို သတ်ထားတဲ့အလောင်းကို ကျမတို့ ပြန်တွေ့ခဲ့ပါတယ်။”

ကမ္ဘာ့တဝှမ်း သတင်းလွတ်လပ်ခွင့် ကျဆင်းလာနေကြောင်း သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မီတီ CPJ က ပြောပါတယ်။ ဧပြီလ ၃၀ ရက်နေ့က အာဖဂန်နိုင်ငံ၊ Kabul မြို့မှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် ၉ ဦး သေဆုံးခဲ့တာ အပါအဝင် လွန်ခဲ့တဲ့ ၄ လအတွင်း သတင်းထောက် ၂၄ ဦး သေဆုံးခဲ့တယ်လို့ CPJ က ပြောပါတယ်။

Najib Sharif ဟာ သတင်းထောက်များ ဘေးကင်းလုံခြုံရေး ကော်မီတီကပါ။

“အန္တရာယ်ရှိမှုက အရမ်းကို တိုးမြင့်လာပါတယ်။ အာဖဂန်သမိုင်းမှာ အဆိုးရွားဆုံး သတင်းထောက်တွေ ထိခိုက်၊ သေဆုံးခဲ့တဲ့ ယုတ်မာ ရက်စက်တဲ့ ဖြစ်ရပ်အပြင် တနိုင်ငံလုံးမှာရှိတဲ့ သတင်းထောက်တွေအပေါ် ခြိမ်းချောက်မှုတွေ တိုးမြင့်လာနေပါတယ်။”

သတင်းမီဒီယာသမားတွေကို တိုက်ခိုက်မှုဟာ သတ်ဖြတ်မှုမှာတင် အဆုံးသတ်တာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် စစ်တပ်ရဲ့ ထိုးစစ်မှုတွေအကြောင်း စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့ ရိုက်တာ သတင်းထောက် ၂ ဦးဟာလည်း ရဲတပ်ဖွဲ့ရဲ့ ထောင်ချောက်ဆင် ဖမ်းဆီးခြင်း ခံခဲ့ကြရပါတယ်။

Courtney Radsch ဟာ CPJ အဖွဲ့က ညွန်ကြားရေးမှူး တဦးပါ။

“ကမ္ဘာ့တဝှမ်း သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချမှုဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြင့်တက်လာပါတယ်။ နောက်ဆုံး ကောက်ယူခဲ့တဲ့ အကျဉ်းထောင် စစ်တမ်းတွေအရ မနှစ်က သတင်းထောက် ၂၆၂ ဦး ဖမ်းဆီး ထောင်ချခဲ့ရပါတယ်။ အစိုးရတွေက မနှစ်သက်တဲ့ အကြောင်းအရာတွေကို စုံစမ်း ဖော်ထုတ်တဲ့ သတင်းထောက်တွေကို အကြမ်းဖက်မှု ပုဒ်မတပ်ပြီး ထောင်ချလေ့ရှိပါတယ်။”

VOA Deewa ဌာနက Rahman Bunairee က / နဲ့ ဗင်နီဇွဲလားနိုင်ငံအခြေစိုက် သတင်းဌာနတခုက Leo Trechy တို့ကလည်း မီဒီယာအပေါ် ထိုးနှက်မှုတွေ ပိုဆိုးလာကြောင်း ပြောကြပါတယ်။

“သတင်းလွတ်လပ်ခွင့်ကို မလိုလားတဲ့သူတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်၊ စစ်တပ်၊ ဘာသာရေးခေါင်းဆောင်နဲ့ အစိုးရအတွင်းက နိုင်ငံရေးသမားတွေက မကြိုက်ကြပါဘူး။”

“ကျနော်တို့ဆီက သတင်းထောက်တယောက်ဟာ ဆန္ဒပြပွဲကို တိုက်ရိုက်လွှင့်နေတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။ နောက်ပြီး တိုက်ရိုက် အသံလွှင့်နေတုန်းမှာဘဲ တပ်မတော်သား တယောက်က ကျနော်တို့ သတင်းထောက်တယောက်ရဲ့ ပါးစပ်ထဲကို မျက်ရည်ယိုဗုံးထဲ့ဖို့ ကြိုးစားခဲ့ပါတယ်။”

ဒါပေမယ့်လည်း သူနဲ့ တခြား သတင်းထောက်တွေကတော့ အဲဒီလို ဖြစ်စဉ်တွေကြောင့် ကြောက်ရွံ့ကြမှာ မဟုတ်ဘူးလို့ Najib Sharif က ပြောပါတယ်။

“ဒီဖြစ်ရပ်တွေက ကျနော်တို့ရဲ့ လုပ်ငန်းတွေကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ သတင်းမီဒီယာရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို သိထားတဲ့အတွက် သတင်းထောက်တွေဟာ သူတို့အလုပ်ကို ဆက်လုပ်ကြမှာပါ။”

အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပေမယ့်လည်း သတင်းအမှောင်ချခံထားရတဲ့ ကမ္ဘာ့နေရာအစုံကနေ အသက်ဘေးကို ဂရုမစိုက်ဘဲ သတင်းထောက်တွေဟာ သူတို့အလုပ်ကို ဆက်လုပ်နေကြမှာ ဖြစ်ပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG