သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမားတွေ လွတ်မြောက်ရေး ရန်ကုန်မှာဆန္ဒပြ


သတင်းသမားတွေ လွတ်မြောက်ရေး ရန်ကုန်မှာဆန္ဒပြ။ (ဇွန် ၃၀-၂၀၁၇)
သတင်းသမားတွေ လွတ်မြောက်ရေး ရန်ကုန်မှာဆန္ဒပြ။ (ဇွန် ၃၀-၂၀၁၇)

မြန်မာနိုင်ငံမှာ မကြာသေးခင်တုန်းကပဲ အာဏာပိုင်တွေက ဖမ်းဆီးအရေးယူခဲ့တဲ့ သတင်းသမားတွေကို ပြန်လွှတ်ပေးဖို့နဲ့ သတင်းမီဒီယာ သမားတွေ အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို ဖိနှိပ်တဲ့ ဥပဒေကို အဆုံးသတ်ရေး ရန်ကုန်မြို့မှာ ဒီကနေ့ပဲ မီဒီယာသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပေမဲ့၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ အားနည်း လာနေပြီလား လို့လည်း ဆန္ဒပြသူတွေက စိုးရိမ်နေကြတာပါ။ အပြည့်အစုံ ကိုတော့ ရန်ကုန်မြို့က ဆန္ဒပြပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ မမြင့်မြင့်ခိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြပွဲမှာတော့ လက်ရှိ တပ်မတော်က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ဃနဲ့ တရားစွဲဆို ဖမ်းဆီးထားတဲ့ The Voice Weekly အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ အပါအဝင် မတရားသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး သီပေါ ရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးထားတဲ့ DVB က သတင်းထောက် ဦးအေးနိုင်နဲ့ ကိုပြည့်ဘုန်းနိုင်၊ ဧရာဝတီ သတင်းဌာနက သတင်းထောက် ဦးသိန်းဇော်ခေါ် လဝီဝမ်တို့ ကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့အကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက ကိုသာလွန်ဇောင်းထက်က ပြောပါတယ်။

" ကျနော်တို့သည် အုပ်ချုပ်ရေးမဏ္ဍိုင် တရားစီရင်ရေးမဏ္ဍိုင် ဥပဒေပြုရေးမဏ္ဍိုင် ဒီမဏ္ဍိုင်တွေကို ထိန်းကွပ်ရမယ့် မီဒီယာပေါ့နော် အဲ့တာကို ဒီမီဒီယာကို ဒီမီဒီယာသမားကို ၁၇-၁ နဲ့ဖမ်းမယ်။ ၆၆ဃ နဲ့ ဖမ်းမယ် ဆိုတဲ့ကိစ္စက ဘယ်လိုမှ လက်ခံလို့မရဘူး။ ၁၇-၁ နဲ့ ဖမ်းကြကြေးဆိုလို့ရှိရင် တပ်မတော်မှာလည်း ငြိမ်းချမ်းရေးအတွက် သူတို့သွားပြီးတော့ ဆွေးနွေးနေတဲ့ ဗိုလ်ချုပ်တွေရှိတယ်။ သူတို့လည်း ၁၇-၁ နဲ့ ငြိမှာပဲလေ။ အဲ့တော့ ဒေါက်တာတင်မျိုးဝင်းလည်း ၁၇-၁ နဲ့ ငြိမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ၁၇-၁ နဲ့ ငြိမှာပဲ။ ဒီပင်လုံညီလာခံကြီးတခုလုံးလည်း ၁၇-၁ နဲ့ မငြိနိုင်ဘူးလား။ အဲ့တော့ ဥပဒေရဲ့သဘောတရားသည် ဥပဒေသည် မည်သူ့ကိုမျှ မျက်နှာလိုက်စရာမလို ဥပဒေသည် နိုင်ငံသားအားလုံးကို တပြေးညီ ဆက်ဆံရမယ်။ အဲ့တော့ သတင်းသမားတွေကို ၁၇-၁ နဲ့ ဖမ်းရင် ကျန်တဲ့သူလည်း ၁၇-၁ နဲ့ အကုန်ဖမ်း ဟုတ်တယ်မဟုတ်လား။ အဲ့တော့ ကျနော်တို့က သတင်းသမားတွေကိုမှ ရွေးပြီး ၁၇-၁ နဲ့ ဖမ်းတာ လုံးဝ လက်ခံလို့မရဘူး။ အဲ့တာကြောင့် ကျနော်တို့ ဒီနေ့ဆန္ဒပြပွဲကိုလုပ်တယ်။

နောက်တခုက ပုဒ်မ ၆၆ ဃ ဒီ ၆၆ဃ သည် နိုင်ငံတကာစံချိန်စံညွှန်းနဲ့ပဲ ကြည့်ကြည့် ဘ ယ်လိုပဲကြည့်ကြည့် ဘယ်လိုမှ ဒီမိုကရေစီနဲ့ မသင့်တော်တဲ့ဥပဒေ ဒါကြောင့်မို့လို့ ကိုကျော်မင်းဆွေ၊ ကိုအေးနိုင်၊ ကိုပြည့်ဘုန်းနိုင်၊ ကိုသိန်းဇော် ဒီလေးယောက်စလုံးကို ချက်ခြင်းလွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုတယ်။ အဲ့တော့ သူတို့ကို ဆွဲထားတဲ့ အမှုတွေသည် မတရားတဲ့ကိစ္စတွေဖြစ်တယ်။ အဖွဲ့အစည်းတရပ်ရပ်ကနေ ရည်ရွယ်ချက်ရှိရှိ ကျနော်တို့ကို နှိပ်ကွပ်တဲ့လုပ်ရပ်အနေနဲ့ ဆွဲတာဖြစ်တယ် အဲ့တာကြောင့် ကျနော်တို့ ဒီနေ့ဆန္ဒပြတယ် ဥပဒေဘောင်ထဲကနေ ဆန္ဒပြတယ်။ ရှေ့လျောက်လည်း ဥပဒေဘောင်ထဲကနေ ကျနော်တို့ ဆက်ပြီးတိုက်ပွဲဝင်မယ်။"

NLD အစိုးရသစ်လက်ထက် မီဒီယာဖိနှိပ်မှုက ပိုဆိုးလာတဲ့ အနေအထားမျိုးဖြစ်လာသလို ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော်နေတဲ့ အစိုးရရဲ့ စံနှုန်းကျလာတယ်လို့ သူကဆိုပါတယ်။

သတင်းမီဒီယာသမားတွေကို ဖမ်းဆီးထောင်ချမှုကို ကန့်ကွက်ဆန္ဒဖော်ထုတ်နေတဲ့ တချိန်တည်းမှာပါပဲ ပုဒ်မ ၆၆ဃ ဖျက်သိမ်းရေး လက်မှတ်ထိုးလှုပ်ရှားမှုကိုလဲ ပြုလုပ်ခဲ့ပြီး သတင်းသမားတွေနဲ့အတူ အရပ်ဖက်အဖွဲ့အစည်းတချို့နဲ့ ပြည်သူတွေ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ် မြန်မာပြည်ရဲ့ သတင်းစာလွတ်လပ်ခွင့် ညွှန်းကိန်း အရင်နှစ်တွေကထက် စာရင် တိုးတက် လာတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ပြီးခဲ့တဲ့ ဧပြီလက ထုတ်ပြန်ထားတာ ရှိပါတယ်။ ဒါပေမဲ့လဲ လက်ရှိ ဖြစ်ပေါ်နေတဲ့ မီဒီယာ ဖိနှိပ်မှုအခြေအနေအရ ဒါဟာ ဟန်ပြတိုးတက်မှု လား ဆိုတာ သံသယ ဖြစ်လာတယ်လို့ Equality Myanmar အဖွဲ့က ဦးအောင်မျိုးမင်းက ပြောပါတယ်။

"ကမ္ဘာမှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ တိုးတက်လာတယ်ဆိုတာ ကျနော် အများကြီးဂုဏ်ယူပါတယ်။ တကယ်လည်း တိုးတက်သင့်တာ ကြာလှပါပြီ။ ဒါပေမဲ့ အားနည်းချက်ကတော့ အခုလိုမျိုး ကိစ္စတွေ ဖြစ်လာတဲ့အချိန်မှာ တိုးတက်မှုတွေကို သံသယရှိလာကြတယ်။ ဟန်ပြရုံတိုးတက်မှုလား နိုင်ငံတကာ က အသိအမှတ်ပြုပြီး တိုးတက်ဟန်ပြပြီး ပြန်ပြီး နောက်ဆုတ်မှာလားဆိုတဲ့အရာမျိုး ဖြစ်လာတယ်။ အဲ့တာမျိုးဖြစ်လာရင် တိုင်းပြည်အတွက်လည်း မကောင်းပါဘူး။ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအရလည်း အားမကောင်းပါဘူး။ အဆိုးဆုံးကတော့ ဒီမှာရှိတဲ့သူတွေကိုယ်တိုင်က အခြေခံသတင်းမီဒီယာ လွတ်လပ်ခွင့် ထုတ်ဖော်ပြောဆိုခွင့် ထိခိုက်နေသမျှကာလပတ်လုံး ဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်လို့ ဘယ်လိုမှ ဂုဏ်ယူနိုင်မှာမဟုတ်ဘူး။"

လက်ရှိ NLD အစိုးရလက်ထက် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ဃနဲ့ တရားစွဲဆိုမှု၆၄မှု ရှိပြီး သတင်း မီဒီယာသမားတွေအပေါ် အရေးယူထားတဲ့အမှု ၉ မှုအထိရှိနေပြီး သတင်းသမား ၁၄ဦး တရားရင် ဆိုင် နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ TNLA ခေါ် တအာင်း (ပလောင်)တပ်ဖွဲ့က လုပ်တဲ့ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို သွားရောက် သ တင်းယူခဲ့တဲ့ သတင်းထောက် ၃ဦးကို တပ်မတော်က သီပေါမြို့နယ်ရဲတပ်ဖွဲ့မှုရုံးမှာ မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ အမှုဖွင့်ထားပြီး လောလောဆယ်မှာတော့ သီပေါအကျဉ်းထောင်မှာ ထိန်းသိမ်းထားတာလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG