သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းသမား ၂ ဦး ထောင်ဒဏ်ချမှတ်ခံရ


မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နဲ့ သတင်းထောက်ကို မော်လမြိုင်တရားရုံးက ထောင် ၂ လချမှတ်စဉ် (ဓာတ်ပုံ - ကိုသူရ The Myanmar Post News Journal, Executive Editor · Yangon, Burma)
မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နဲ့ သတင်းထောက်ကို မော်လမြိုင်တရားရုံးက ထောင် ၂ လချမှတ်စဉ် (ဓာတ်ပုံ - ကိုသူရ The Myanmar Post News Journal, Executive Editor · Yangon, Burma)

မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နဲ့ သတင်းထောက်ကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ဒီကနေ့ မော်လမြိုင် တရားရုံးက စီရင်ချက်ချပြီး မော်လမြိုင်အကျဉ်းထောင်ကို ပို့လိုက်ပြီ်ဖြစ်ပါတယ်။

လွှတ်တော်တွင်းက တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ပတ်သက်တဲ့ မြန်မာပို့စ်ဂျာနယ်ပါ ဆောင်းပါးအပေါ် တပ်မတော်ဘက်က တရားစွဲဆိုထားခဲ့တာဖြစ်ပါတယ်။ မြန်မာပို့စ်ဂျာနယ်က အစိုးရသတင်း မဖော်ပြရေး အလွတ်စာမျက်နှာထားတဲ့ မီဒီယာလှုပ်ရှားမှုမှာ ပထမဆုံးလုပ်ဆောင်ခဲ့တဲ့ ဂျာနယ်လည်း ဖြစ်ပါတယ်။ အသေးစိတ် မဆုမွန်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ ၆ အမှတ်၅ စာမျက်နှာ ၃ မှာ ဖော်ပြခဲ့တဲ့ “ပညာရေးနိမ့်ပါးမှုကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တွင် ပါဝင်နေရ” - ဆိုတဲ့ သတင်းဖော်ပြမှုကြောင့် မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ် ကိုသန်းထိုက်သူနှင့် သတင်းထောက် ကိုဆန်းမိုးထွန်းတို့နှစ်ဦးကို ဗိုလ်မှူး သိန်းဇော်က တရားလိုအဖြစ် အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ တရားစွဲဆိုခံထားရတဲ့ အယ်ဒီတာချုပ်နဲ့ သတင်းထောက် ၂ ဦးကို မော်လမြိုင်တရားရုံးကနေ ပုဒ်မ ၅၀၀ နဲ့ ထောင်ဒဏ် ၂ လ ပြစ်ဒဏ်ချပြီး အခု သူတို့နှစ်ဦးကို မော်လမြိုင်အကျဉ်းထောင်ကို ခေါ်ဆောင်သွားခဲ့ကြောင်း မြန်မာပို့စ်ဂျာနယ် အကြံပေးအယ်ဒီတာ ကိုအောင်ခိုင်ညွန့်က အခုလို ပြောပြပါတယ်။

“ဒီနေ့ နေ့လည်လောက်က အဲ့ဒီ့ မော်လမြိုင် တရားရုံးကနေပြီးတော့ အယ်ဒီတာချုပ်ပေါ့ မြန်မာပို့စ်ရယ် မြန်မာပို့စ် ဂလိုဘယ် ဂျာနယ်နှစ်စောင်ရဲ့ အယ်ဒီတာချုပ် ကိုသန်းထိုက်သူရယ်၊ သတင်းထောက်ဖြစ်တဲ့ ကိုဆန်းမိုးထွန်းရယ်ပေါ့။ သူတို့ကို မော်လမြိုင် တရားရုံးကနေပြီးတော့ ပုဒ်မ ၅၀၀နဲ့ ထောင်ဒဏ် ၂လ ချမှတ်လိုက်တယ်။ အဲ့တာက ဒီလို မြန်မာပို့စ်ဂျာနယ်ပေါ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ အဲ့နေ့က ထုတ်ဝေတဲ့ မြန်မာပို့စ်ဂျာနယ် အတွဲ (၆) အမှတ် (၅) ပေါ့။ စာမျက်နှာ (၃) မှာ သတင်းတပုဒ် ဖော်ပြထားတယ်။ အဲ့ဒီသတင်းခေါင်းစဉ်က “ပညာရေးနိမ့်ပါးမှုကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တွင် ပါဝင်နေရခြင်းဟု တပ်မတော်သားကိုယ်စားလှယ်တဦးဆို” ဆိုတဲ့သတင်းကို ဒီမှာ Freelance ရေးနေတဲ့ နယ်ခံ မော်လမြိုင်သတင်းထောက် သံလွင်မောင်မောင် ဆိုသူက လှမ်းပို့တယ်ပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီးတော့ မွန်ပြည်နယ် ပြည်နယ်လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ တပ်မတော်ရေက ဗိုလ်မှူးသိန်းဇော် ကနေပြီးတော့ ဒီသတင်းကိုဖော်ပြမှုကြောင့် ပုဒ်မ ၅၀၀ နဲ့ တိုင်တန်း တရားစွဲတာပေါ့။ မော်လမြိုင်တရားရုံးမှာ။ အဲ့ဒီ့အမှုကို စပြီးတော့ တရားစွဲဆိုကတည်းက ဒီအမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေကို ဆက်သွယ်ပြီး လိုအပ်တာမှန်သမျှ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပဲ။ အခုကတော့ မော်လမြိုင်အကျဉ်းထောင်ကို ခေါ်သွားပြီလို့ ကြားရတယ်။”

အခုလို အယ်ဒီတာနဲ့ သတင်းသမား သူတို့နှစ်ဦးကို သတင်းဆောင်းပါး ရေးသားမှု၊ အသေရေဖျက်မှုနဲ့ တရားစွဲဆို ထောင်ဒဏ် ချမှတ်ခဲ့တာဟာ မီဒီယာကို ပစ်မှတ်ထား နှိပ်ကွပ်တဲ့သဘော ပိုထင်ရှားလာတယ်လို့ မြန်မာပို့စ်ဂျာနယ် အကြံပေးအယ်ဒီတာက ပြောပါတယ်။

“မြန်မာပို့စ်ဂျာနယ်အတွက်တင်သာမကဘူး။ ဒီမြန်မာနိုင်ငံမှာ ရှိတဲ့ စာနယ်ဇင်း မီဒီယာတွေရဲ့ လွတ်လပ်စွာ သတင်းရေးသားဖော်ပြခွင့်ကို ဒါ ထိပါး ခြိမ်းခြောက်တယ်လို့ ခံယူပါတယ်။”

မြန်မာပို့စ်ဂျာနယ်ဟာ အစိုးရသတင်းမဖော်ပြရေး မြန်မာဂျာနယ်လစ်ကွန်ရက်ကဦးဆောင်လှုပ်ရှားတဲ့ မီဒီယာသပိတ်မှောက်မှုမှာလည်း ပထမဆုံး ဂျာနယ်မှာ စာမျက်နှာအလွတ်ထားပြီး ဖော်ပြခဲ့တဲ့ဂျာနယ်ဖြစ်ပါတယ်။

“အယ်ဒီတာအဖွဲ့တွေ အားလုံး ယေဘုယျအားဖြင့် ဆုံးဖြတ်ချက်ချထားတာတော့ တရားဥပဒေကို လိုရင်လိုသလို၊ မလိုရင် မလိုသလို၊ ဥပဒေကို လိုသလို အသုံးပြုပြီးတော့ လုပ်တဲ့အတွက် ဒီနှစ်ယောက် အမှန်အတိုင်း မဖြစ်မချင်းကတော့ မြန်မာပို့စ်ဂျာနယ် မျက်နှာဖုံးမှာတော့ အမည်းထည့်သွားမယ်လို့ ယေဘုယျအားဖြင့် ဆုံးဖြတ်ချက်ချထားပါတယ်။ ဒါကတော့ အယ်ဒီတာဘုတ် တဖွဲ့လုံးရဲ့ ဆုံးဖြတ်ချက်ပါ။”

အခုရက်ပိုင်းတွေအတွင်းမှာပဲ အာဏာပိုင်ဘက်က အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ရန်ကုန် အလုပ်သမား ဆန္ဒပြမှုမှာလည်း သတင်းထောက်တွေဖြစ်တဲ့ 7 Days သတင်းဂျာနယ်ကက ဓာတ်ပုံသတင်းထောက် ကိုနစ်ကီနဲ့ DVB က ကိုမျိုးဇော်လင်းကို ရဲလုံခြုံရေးတွေက ဖမ်းဆီးထိန်းသိမ်းခဲ့သလို၊ လက်ပံတန်း ကျောင်းသားသပိတ်မှာလည်း သတင်းသမားတွေကို လိုက်လံရိုက်နှက်ဖမ်းဆီးခဲ့သလို၊ မြန်မာပို့စ်ဂျာနယ်က အလင်းဒီ (ခေါ်) ဉာဏ်လင်းထွန်းနဲ့ The Reporter ဂျာနယ်က ဖြိုးအောင်မြင့် ကို ထောင်တွင်းထိန်းသိမ်းဖမ်းဆီးခဲ့သလို ဒီနေ့မှာလည်း သတင်းသမားနှစ်ဦးကို ထောင်ချလိုက်တာဖြစ်ပါတယ်။

ရဲလုံခြုံရေးတွေနဲ့ အာဏာပိုင်တွေဘက်က သတင်းမီဒီယာတွေအပေါ် ပစ်မှတ်ထား ဖမ်းဆီးရိုက်နှက် အကြမ်းဖက် ထိန်းသိမ်းခဲ့တဲ့လုပ်ရပ်တွေအပေါ် ရှုတ်ချတဲ့ အနေနဲ့ မြန်မာသတင်းမီဒီယာတွေက နိုင်ငံတော် သမ္မတရုံး၊ ပြည်ထဲရေး၊ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့သတင်းတွေကို မဖော်ပြဖို့ သတင်း မီဒီယာတိုက်တွေကို စည်းရုံးလှုံ့ဆော် သွားကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါ့အပြင် သမ္မတနဲ့ ပြန်ကြားရေး ဝန်ကြီး တက်ရောက်ဖို့ရှိတဲ့ ရန်ကုန်မှာကျင်းပမယ့် သတင်းမီဒီယာ ကွန်ဖရင့်ကိုလည်း သတင်းသမားတွေ မတက်ရောက်ဘဲ သပိတ်မှောက်ကြဖို့ ရှိပါတယ်။

XS
SM
MD
LG