သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်းတည့်နေ ဂျာနယ် သတင်းသမား ၅ ဦး ထောင် ၂နှစ်စီ ချမှတ်ခံရ


မွန်းတည့်နေဂျာနယ်။
မွန်းတည့်နေဂျာနယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ဆူပူအောင်လှုံ့ဆော်မူပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခံ ထားရတဲ့ ဘိုင်မွန်းတည့်နေ ဂျာနယ်က ထုတ်ဝေသူ အယ်ဒီတာနဲ့ သတင်းထောက် အပါအဝင် ၅ဦးကို ပန်းဘဲတန်း တရားရုံးကနေ ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခဲ့ပါတယ်။ မီဒီယာ ဥပဒေ ရှိနေပြီ ဖြစ်ပေမဲ့ မီဒီယာ ဥပဒေနဲ့ စီရင်မူ မရှိခဲ့တဲ့အတွက် တိုင်းတရားရုံး ကို ဆက်တက်မယ်လို့ သတင်းသမားတွေ ရဲ့ ရှေနေ့ က ပြောဆို လိုက်ပါတယ်။ မအေးမာ သတင်းပေးပို့ ထားပါတယ် ။

ဘိုင်မွန်းတည့်နေဂျာနယ်က ထုတ်ဝေသူ အယ်ဒီတာ အပါအဝင် သတင်းသမား ၅ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမူ ဆူပူအောင် လံှု့ဆော်မူပုဒ်မ ၅၀၅ (ခ) နဲ့ အမြင့်ဆုံးထောင်ဒဏ် ကို အောက်တိုဘာလ ၁၆ရက်နေ့မှာ ပန်းဘဲတန်း တရားရုံးကနေ ထောင်ချခဲ့တာပါ ။

သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေ ကို ကြားဖြတ်အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက် ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ ရဲ့ ထုတ်ပြန်ချက်ကို ဂျာနယ်မှာ ဖော်ပြခဲ့ တာကြောင့် အခုလို ပြစ်ဒဏ်များ ချခဲ့တာပါ။

သတင်းသမားတွေရဲ ရှေ့နေ ဦးကျော်ဝင်းကတော့ မီဒီယာသမားတွေဖြစ်တာကြောင့် မီဒီယာဥပဒေနဲ့သာ စီရင်ဖို့ ဒီထက်မြင့်တဲ့ တရားရုံးမှာ အယူခံ ဆက်လျှောက်မယ်လို့ ပြောပါတယ်။

"ပိုင်ရှင်က နှစ်ယောက်ဗျ။ ပိုင်ရှင်နှစ်ယောက်က ဦးကျော်မင်းခိုင်ရယ်။ ယဉ်မင်းထွန်းရယ်။ ပိုင်ရှင်က နှစ်ယောက်၊ နောက် အယ်ဒီတာက နှစ်ယောက်ပေါ့နော်။ အယ်ဒီတာကတော့ ဦးဝင်းတင်ဆိုတာရယ်၊ ဦးအောင်သန့်ဆိုတာရယ်။ သတင်းထောက်ကတော့ မင်းဝသန် ဆိုတာရယ်။ နှစ်နှစ်စီ ချတယ်ခင်ဗျ။ ငါးယောက်ရှိတယ်။ တစ်ယောက်ကို နှစ်နှစ်စီပေါ့။ (၅၀၅) ခ ပြစ်ဒဏ်က အမြင့်ဆုံး ချလိုက်တာပဲခင်ဗျ။

သတင်းတရပ်ကို ဖော်ပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြစ်တဲ့ကိစ္စလေ ။ ကျနော်တို့က ဒီကိစ္စမှာ ပြစ်ဒဏ်က ကြီးလွန်းအားကြီးတယ်ပေါ့ဗျာ။ အမြင့်ဆုံးပြစ်ဒဏ် ချထားတယ်ပေါ့။ သတင်းနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ ၊ သတင်းမီဒီယာ သမားတွေဖြစ်နေတော့ သတင်းမီဒီယာဥပဒေက အကာအကွယ်ပေးဖို့ပေါ့။ ရုံးမှာ လျှောက်ခဲ့တာပဲဗျ။"

ဘိုင်မွန်းတည့်နေဂျာနယ် က သတင်းသမားတွေကို အခုလို ပြင်းထန် တဲ့ ပြစ်ဒဏ်ပေးမူ အပေါ်မှာ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးဇော်သက်ထွေးက မီဒီယာဥပဒေ ရှိနေတဲ့အချိန်မှာ မီဒီယာဥပဒေအရ ကျင့်သုံးခြင်း မရှိတဲ့အတွက် တရားရေး မဏ္ဍိုင် အပေါ်မေးခွန်းထုတ်စရာ အဖြစ် ပြောဆို လိုက်ပါတယ်။

"ဘိုင်မွန်းတည့်နေ ဂျာနယ်က သတင်းသမားတွေကို ထောင်နှစ်နှစ် ချလိုက်တာ ကတော့ တော်တော်လည်း အံ့သြဖို့ကောင်းတယ်။ စိတ်ပျက်စရာ လည်း ကောင်းတယ်။ ကျနော် ကိုယ်တိုင် ဘိုင်မွန်းတည့်နေ သတင်းသမားတွေကို မီဒီယာဥပဒေနဲ့ သာ အရေးယူသင့်ကြောင်း သွားရောက် သက်သေထွက်ခဲ့ပြီးပါပြီ။ ကျနော်တို့ ပြီးခဲ့တဲ့ တစ်လလောက်က ဥရောပ သံအမတ်ကြီးတွေရော နိုင်ငံတကာ က သံတမန်တွေနဲ့ ပြည်တွင်းမီဒီယာသမားတွေလုပ်တဲ့ သတင်းမီဒီယာဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင်က ထုတ်ဖော်ပြောခဲ့ပြီးသားပါ။

ပါလီမန်က အတည်ပြုပြီး သမ္မတက လက်မှတ်ရေးထိုးထားတဲ့အတွက် မီဒီယာ ဥပဒေက အသက်ဝင်နေပါပြီတဲ့။ ဒါကြောင့် မီဒီယာဥပဒေကို မီဒီယာသမားတိုင်း ခံစားခွင့်ရပါတယ်လို့ ပြောခဲ့ပြီးသားပါ။ အဲ့လို အုပ်ချုပ်ရေးက ပြည်ထောင်စု ဝန်ကြီးတစ်ယောက်က ဒီလိုပြောတယ်။ ဒီဘက်က တရားစီရင်ရေးမဏ္ဍိုင်က ကိုယ်လုပ်ချင်သလို လုပ်တယ်ဆိုတာက မဏ္ဍိုင်တခုနဲ့တခုကြားမှာ လင့်မရှိဘူး။ တယောက်နဲ့တယောက် ရမ်သမ်မဖြစ်ဘူး။ ထိုနည်းတူစွာပဲ သတင်းရယူပြီး သတင်းရေးသားနေတဲ့ မီဒီယာသမားတွေကိုလည်း မင်းတို့ ဥပဒေချိုးဖောက်ရင် အမြင့်ဆုံး ပြစ်ဒဏ်နဲ့သာ သင်္ခန်းစာပေးလိုက်မယ် ဆိုတာမျိုး ခံစားနေရပါတယ်။"

ဘိုင်မွန်းတည့်နေဂျာနယ် သတင်းသမားတွေကို ဇူလိုင်လတုန်းကတော့ ပုဒ်မ ၅ ည၊ ၅ (ဃ) နဲ့ အမှုဖွင့်ထားခဲ့ပြီး အဲဒီ့ထဲက တိမ်းရှောင်လာတဲ့ ထုတ်ဝေသူ တချို့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သြဂုတ်လမှာတော့ ပုဒ်မ ၅၀၅(ခ) နဲ့ ပြောင်းလဲ အမူဖွင့်ခဲ့ပြီး အခုအခါမှာတော့ သူတို့ကို ထောင်ဒဏ် ၂နှစ်စီ ချလိုက်တာဖြစ်ပါတယ်။ ပုဒ်မ ၅၀၅ ခ ဟာ ငွေဒဏ် သို့မဟုတ် ငွေဒဏ်နဲ့ ထောင်ဒဏ် ဆိုပြိး ပြစ်ဒဏ်ချလို့ ရသလို့ အမြင့်ဆုံးပြစ်ဒဏ် အဖြစ် ထောင် ဒဏ် ၂နှစ်ထိ ချလို့ရတဲ့ ပုဒ်မ လည်းဖြစ်ပါတယ်။

XS
SM
MD
LG